စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မာန်အောင်တွင် စစ်မှုထမ်းမည့်သူများ စာရင်းကို တစ်ရက်တည်းနှင့်အပြီးလာတင်ရန် စစ်ကောင်စီမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

သဉ္ဇာနွယ်

နိရဥ္စရာ၊ မတ် ၁၆/ ၂၀၂၄

 

ရခိုင်ပြည်တောင်ပိုင်း၊မာန်အောင်မြို့ တွင် စာရင်းကောက်ခံထားသည့် စစ်မှုထမ်းမည့်သူများ၏ စာရင်းကို တစ်ရက်တည်းနှင့် အပြီးလာတင်ရန် စစ်ကောင်စီမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို ညွန်ကြားထားကြောင်း သတင်းရရှိသည်

 

မာန်အောင်မြို့ တစ်မြို့နယ်လုံးရှိ စစ်မှုထမ်းမည့် ပြည်သူများစာရင်းကို ယနေ့ မတ်လ ၁၆ ရက်  နေ့လယ် ၁၂ နာရီတွင် အပြီးလာတင်ကြရန် အုပ်စုစာရေးထံမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ သတိပေးထားသည်ဟု မာန်အောင်မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

 

“ မနေ့ညကတည်းက ရွာအုပ်ချုပ်ရေးမှူးတွေဆီစာဝင်လာတယ်။ တစ်အုပ်စုက အနည်းဆုံး တစ်ယောက်စီ တင်ရမယ်။ ဒီနေ့ နေ့လယ် အပြီးတင်ရမယ်ပြောတယ်။ ရွာတွေမှာ အစည်းအဝေး လုပ်နေကြတယ်” ဟုပြောသည်။

 

မာန်အောင်မှ လူငယ်များနှင့် သက်လတ်ပိုင်းအမျိုးသားများသည် စစ်မှုထမ်းရမည့် စာရင်း ကောက်ခံမှုများ ရှိလာသဖြင့် စိုးရိမ်မှုမြင့်တက်လျက်ရှိသည်ဟု သက်လတ်ပိုင်းအရွယ် မာန်အောင်မြို့နယ်ကျေးရွာတစ်ခုမှ အမျိုးသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

 

“ အခုချိန်မှာတော့ ရှောင်နိုင်သမျှရှောင်တာအကောင်းဆုံးပဲ။ စစ်မှုထမ်းဖို့ ကိစ္စကို ဘယ်သူမှ မလိုလားဘူး။ မိသားစုတွေကလည်း အရမ်းစိုးရိမ်နေကြတယ်။ ထွက်ပေါက်တွေက ပိတ်ထားပြီ။ ရေလမ်းနဲ့သွားရင်တောင် နေဗီကို ပိုက်ဆံမပေးရင်ဖမ်းတာမျိုးတွေရှိတယ် “ ဟုပြောသည်။

 

စစ်သင်တန်းကို မာန်အောင်ရှိ စစ်ကောင်စီ၏တပ်ရင်းများတွင် သင်တန်းပို့ချမည်မဟုတ်ပဲ စစ်တွေမြို့တွင် ပို့ချမည်ဟု မာန်အောင်ဒေသခံများကပြောသည်။

 

စစ်မှုထမ်းရမည့် အသက်အရွယ်မှာ အသက် ၂၄နှစ်နှင့် ၃၀ အကြားများကို ပထမဆုံးခေါ်ယူမည်ဖြစ်ပြီး နောက်ပိုင်းတွင် အသက် ၁၈နှစ်နှင့် ၃၅ ကြား အသက်အရွယ်ရှိသည့် လူငယ်များနှင့် လူလတ်ပိုင်းအရွယ်များကို ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။

 

ယင်းအပြင် ယခုလ မတ်လမှစတင်ပြီး  မာန်အောင်ကျွန်း မျှော်တော်ဦးရေတပ်စခန်းမှ စစ်ကောင်စီ များနှင့် ပြင်ကောက်ရွာအနီးရှိ ကမောင်တောင်တွင်တပ်စွဲထားသည့်  ခမရ  ၃၄၄ တပ်ရင်း စစ်ကောင်စီများပူးပေါင်းကာ ခအုန်းမော်ကျေးရွာနှင့် ၄င်းကျေးရွာအနီးအနားများတွင် ကင်းပုန်း ဝပ်ခြင်းများ၊ ကျေးရွာများကို ဝင်ရောက်စစ်ဆေးခြင်း၊မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု မာန်အောင်ဒေသခံများကပြောသည်။

 

စစ်ကောင်စီသည် ယခု မတ်လ အတွင်းတွင် ရခိုင်ပြည်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် သံတွဲ၊ မာန်အောင်နှင့် စစ်တွေတို့တွင် စစ်မှုထမ်းစာရင်းကို အလောတကြီး ကောက်ခံခိုင်းနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ