စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ၍ မြောက်ဦးတွင် မွတ်ဆလင်လူငယ်တစ်ဦး ဒဏ်ရာရ၊ မင်းပြားတွင် ကျောင်းတစ်ဆောင်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

အေးမြတ်ခိုင်/ နိရဉ္စရာ၊ မတ်လ ၁၆/၂၀၂၄

စစ်ကောင်စီက လေယာဥ်ဖြင့် ထပ်မံဗုံးကြဲ၍ မြောက်ဦးမြို့နယ်တွင် မွတ်ဆလင် လူငယ်တစ်ဦး ဒဏ်ရာရရှိပြီး မင်းပြားတွင် စာကျောင်းတစ်ဆောင်ပျက်စီးသွားကြောင်း သိရသည်။

ယနေ့ မတ်လ ၁၆ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 ဟုယူဆရသည့် စစ်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲ၍ မြောက်ဦးမြို့နယ်၊ ပုရိန်ကျေးရွာတွင် ကျရောက်ပေါက်ကွဲကာ အသက် ၁၃ နှစ်အရွယ် မောင်နုရ်ဟာန်နော်ဒိန် (ဘ) ဦးချောဘီခါး  ထိခိုက်ဒဏ်ရာရရှိသွားသည်။

" လာပစ်တဲ့ လေယာဥ်က Y-12 လို့ယူဆရပါတယ်။ လက်နှစ်ဖက်လုံးမှာ ဒဏ်ရာရသွားပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး"ဟု ပြောသည်။

ယင်းအပြင် ယနေ့ နံနက် ၉ နာရီခွဲတွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ၍ မင်းပြားမြို့၊ မင်းဘာကြီး ရပ်ကွက်မှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျရောက်ပေါက်ကွဲကာ စာသင်ကျောင်းဆောင်များ ပျက်စီးသွားကြောင်း သိရသည်။



"ကျနော်တို့မင်းပြားကို အေအေကသိမ်းထားပေမယ့် စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတာတွေ လုပ်တယ်။ ဒါကြောင့်လဲ အေအေက မြို့ထဲကို ဝင်ခွင့်မပေးသေးဘူး။ သူတို့မြို့ကို လက်လွတ် ရရင်တောင် နောက်ဆုံးအချိန်အထိ ပြည်သူကို ဒုက္ခပေးပြီး အဆောက်အအုံတွေကို ဖျက်ဆီးနေတာပါ" ဟု ပြောသည်။

စစ်ကောင်စီသည် မင်းပြားမြို့နယ်၊ မင်းဖူး၊ သေကန်၊အမ်းသားရွာ နှင့် မြို့ပေါ် ရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ လာရောက်ဗုံးကြဲသည့်အတွက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

မင်းပြားမြို့နယ်အပြင် မြောက်ဦး၊ ရမ်းဗြဲ၊ ကျောက်ဖြူ စသည့်မြို့နယ်များတွင်လည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။ 

(ဓာတ်ပုံ- ပေးပို့) 

ဆက်စပ် သတင်းများ