စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူ ၃ သိန်းကျော်ထိ ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ မတ် ၁၆/၂၀၂၄

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာသောကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွါထွက်ပြေးနေကြရပြီး လိုအပ်ချက်များလည်း တိုးပွားလာ နေကြောင်း United Nations OCHA Myanmar  မှထုတ်ပြန်ထားသည်။

UN OCHA  က မတ်လ ၁၄ ရက်နေ့ ၌  အာရှနှင့်ပစိဖိတ်ဒေသ- အပတ်စဉ် လူသားချင်း စာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်ကို ထုတ်ပြန်ရာတွင်  ရခိုင်လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီးလည်း ထည့်သွင်းထုတ်ပြန်လာခြင်းဖြစ်သည်။

၎င်းထုတ်ပြန်ချက် အကျဉ်းချုပ်မှာ မတ်လ ၅ရက်နေ ၁၁ရက်နေ့အထိဖြစ်သည်ဟု သိရသည်။

“ရခိုင်ပြည်နယ်မှာ ဆိုးရွားလာတဲ့အခြေအနေ၊ ကချင်ပြည်နယ်က ပဋိပက္ခသွင်ပြင်အသစ်နဲ့အတူ နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူ ၃၀၀,၀၀၀ ကျော် နေရပ် စွန့်ခွာ ထွက်ပြေးနေကြရပြီး လိုအပ်ချက်တွေလည်း တိုးပွားလာနေပါတယ်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင်  လိုအပ်ချက်များနှင့် သွားလာခွင့်ကန့်သတ်ချက်များတိုးလာနေချိန်တွင် ရိက္ခာထောက်ပံ့မှုနှင့် ဝင်ရောက်ကူညီခွင့်ရရှိသည့် နေရာတိုင်း၌ လူမှုကရုဏာလုပ်သားများသည် စားနပ်ရိက္ခာပံ့ပိုးမှု၊ တခြားသော အရေးကြီးသည့် လူမှုကယ်ဆယ်ရေးအကူအညီများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား ဘေးဒဏ်သင့်ဒေသများတွင် ဆက်လက် ပံ့ပိုးနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

UNOCHA ၏ ထုတ်ပြန်ချက်အထဲတွင် “မတ်လ (၉) ရက်နေ့မှာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေရှိ လူနေရပ်ကွက်တစ်ခုအတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ရိုဟင်ဂျာ ၈ ဦးထက်မနည်းသေဆုံးပြီး ကလေးသူငယ် ၅ ဦး အပါအဝင် ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါဟာ စစ်တွေမြို့လယ်အတွင်းမှာ လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုဖြစ်ပွားရာမှာ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေဈေးကြီး အတွင်းကို လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အနည်းဆုံးအရပ်သားပြည်သူ ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ဓာတ်ပုံ- ပုံဟောင်းသာ

ဆက်စပ် သတင်းများ