ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့နယ်တို့တွင် လက်နက်ကြီးကျည်ကျ၍ ၃ ဦးသေပြီး ၁၂ ဦး ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 531

(ဒဏ်ရာရသူများအထဲတွင် ကလေးငယ်များပါဝင်)

ခိုင်လူလှ (ရိုးမမြီ)/ နိရဉ္စရာ- မတ် ၁၆/၂၀၂၄

ရခိုင်ပြည် မြေပုံမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် အရပ်သားကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှကုန်တန်းကြိမ်ချောင်းကျေးရွာကို စစ်တွေမြို့ ပါဒလိတ် အခြေစိုက် ခလရ (၃၄၄) က လက်နက်ကြီးဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်၊ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်ခဲ့သည်ဟု ရွာသားများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ လက်နက်ကြီးကျည်က ကုန်းတန်းကြိမ်ချောင်းကျေးရွာ ဦးဦးသိန်းထွန်းရဲ့ နေအိမ်ဝင်းထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ရွာသား ၁၀ ဦး ဒဏ်ရာရပြီးတော့ နေအိမ်နှစ်လုံးကတော့ အကြီးစားပျက် စီးပြီးတော့ အနီးအနားက တချို့ အိမ်တွေလည်း ပျက်မှုရှိပါတယ်”ဟု ရွာသား တစ်ဦးက ပြောဆိုသည်။

ဒဏ်ရာရရှိသူများမှာ ဦးဦးသိန်းထွန်းအသက် (၇၀) နှစ်၊  ဒေါ်ဦးသန်းနွဲ့ (၅၃)နှစ်၊ ဒေါ်အေးခင်မေ (၄၀)နှစ်  ဒေါ်မနွှဲ့ရီ (၅၀) နှစ်၊ ၁၀ကျောင်းသူ မဇင်ဇင်မိုး (၁၆) နှစ်၊ မဆန်းခင် (၂၀) နှစ်၊ မနှင်းနှင်းဝေ (၂၅) နှစ်၊ မခိုင်သဇင်ဦး (၅) နှစ်၊ မနှင်းယုခိုင် (၃)နှစ်၊ မခင်ဆန်းဦး( ၁၀)နှစ်တို့ ဖြစ်ကြသည်။

“ဘာတိုက်ပွဲမှလည်း ဖြစ်တာမရှိဘဲနဲ့ အရပ်သားရွာထဲကို ပစ်ခတ်တာပါ။ ဒီရွာက ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက အမြင့်ကျွန်းတံတားဘေးရှိတဲ့ ရွာတွေပါ။ ဒီလို ပစ်ခတ်တော့ စိုးရိမ်စရာတော့ ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။

ယနေ့ မတ် ၁၆ ရက် နေ့လယ် ၂ နာရီခန့်က စညင်းရွာ အနီးရှိ မ အကြမ်းဖက်စစ်ကောင်စီတပ်က  မိသားစုနေထိုင်သည့် လယ်တဲကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ မြေပုံမြို့နယ် ပြည်ခြားရွာက သားမိသားဖ သုံးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူများမှာ ဖခင်ဖြစ်သူ ဦးကျော်ဝင်းကြီး (၅၀) နှစ်၊ သားဖြစ်သူ ကိုမောင်ရဲလင်း (၃၀)နှစ်နှင့် သမီးဖြစ်သူ မမေနီဝင်း(၂၃)နှစ်တို့ဖြစ်ကြသည်။ ဒဏ်ရာသူနှစ်ဦးမှာ သမီးငယ် မစောနှင်းဖြူ (၁၅) နှစ်နှင့် မြေပုံမြို့နယ် စညင်းကျေးရွာမှ ဦးဇော်ဝင်း (၂၇) နှစ်တို့ဖြစ်ကြသည်ဟု  Arakan Princess Media တွင် ဖော်ပြထားသည်။

စညင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်တဲထဲ ကျရောက်ပေါက်ကွဲရာမှ ယခုကဲ့သို့ လူသေဆုံးမှု ရှိခဲ့ရခြင်း ဖြစ်သည်။

ရခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA) ကို စစ်ရေးအရ မယှဉ်နိုင်တော့သဖြင့် အပြစ်မဲ့ရခိုင်အရပ်သားပြည်သူများကိုသာ အဓိက ပစ်မှတ်ထားကာ  တိုက်ခိုက်လာနေခြင်း ​ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ