စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်မှ လူမှုရေးလှုပ်ရှားသူများကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်ဟု စွပ်စွဲပြီး မြို့မရဲစခန်းတွင် စာရင်းပြုစုထားဟုဆို



ဆောင်းဦးမာန်/ နိရဉ္စရာ၊ မတ် ၁၇/ ၂၀၂၄

မာန်အောင်မြို့နယ် ကျေးရွာတစ်ချို့မှ လူမှုရေးလှုပ်ရှားသူများနှင့် ဒေသခံပြည်သူများကို စစ်ကောင်စီ လက်အောက်ခံ မာန်အောင်မြို့မရဲစခန်းတွင် ရက္ခိုင့်တပ်တော် (AA)၏ တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ စာရင်းပြုစုထားသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသည်ဟု  အမည်မဖော်လူသူ လူမှုရေးလှုပ်ရှားနေသူ တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ ရွာက ၄ ယောက်ကို မြို့မရဲစခန်းမှာ စာရင်းလုပ်ထားတယ်လို့ သိရတယ်။ သူတို့စာရင်းထဲမှာ ပါတဲ့သူတွေက ရက္ခိုင့်တပ်တော်ကလည်းမဟုတ်သလို စစ်သင်တန်းတက်ထားတဲ့သူတွေလည်းမဟုတ်ဘူး။ အခုဟာက တိုက်ပွဲသတင်းတွေကို ဖတ်ပြီး ကိုယ့်အိမ်မှာ အခြေအနေပြန်ပြီးပြောပြတာနဲ့ကို သူတို့ကို အေအေ တံဆိပ်ကပ်လိုက်ပြီ။ အဲသလိုမျိုးဖြစ်နေကြပြီ” ဟု ၎င်းက ပြောသည်။

၎င်းအပြင် မာန်အောင်ဒေခံများအား ယခုလို စစ်ကောင်စီမှ အေအေတပ်ဖွဲ့ဝင်များဟု  စာရင်းပြုစု ထားမှုများခံထားရသော်လည်း အများစုမှာ ကိုယ်ကိုတိုင် အေအေဟု သတ်မှတ်ခံထားရကြောင်းကို  မသိရှိဘဲဖြစ်နေသည်ဟု ၎င်းက ပြောသည်။

“ကျနော်တို့ လူငယ်တွေဟာ ဘယ်အချိန်က အေအေဖြစ်သွားမှန်း ကိုယ်တိုင်မသိလိုက်ဘူး။ စစ်ကောင်စီက လာဖမ်းမှ အေအေမှန်း သိရမယ့်အနေအထားဖြစ်နေတယ်” ဟု ဒေသခံ လူငယ်တစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ စာရင်းပြုစုထားမှုသည် လူမှုရေးလှုပ်ရှားသူများအား မာန်အောင်မြို့မရဲစခန်းတွင် ထင်ကြေးဖြင့် စာရင်းပြုစုထားခြင်းဖြစ်သည်ဟု မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုထားသည်။

မာန်အောင်ကျွန်းတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုများလည်း မရှိသကဲ့သို့ ရက္ခိုင့်တပ်တော်၏ စစ်ရေးလှုပ်ရှားမှုလည်း မရှိသည့် မြို့နယ်တစ်ခုလည်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သို့သော်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် မာန်အောင်မြို့ နှင့် နီးကပ်စွာ တည်ရှိသည့် ရမ်းဗြဲမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲသို့ မာန်အောင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့မှုများ ရှိခဲ့သည်ဟု မာန်အောင်ဒေသခံများက ပြောဆိုသည်။

“မာန်အောင်က လက်နက်ကြီးပစ်တာ မျှော်တော်ဦးရေတပ်နဲ့ ခအုန်းမော်ဖက်က ပစ်တယ်လို့ကြားရတယ်။ မာန်အောင်မှာ ဒီလိုပစ်သံတစ်ခါမှ အရင်က မကြားဖူးသေးဘူး။ အခု လက်နက်ကြီးပစ်နေတာ အိမ်တွေပါ လှုပ်ခါသွားတယ်” ဟု ဒေသခံအမျိုးသမီးကြီး တစ်ဦးက ပြောသည်။

လက်ရှိ မာန်အောင်ကျွန်းရှိ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန်အတွက် ရပ်ကွက်/ ကျေးရွာ/ အုပ်စုများတွင် လျှို့ဝှက် စာရင်းကောင်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် မာန်အောင်တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဒေသခံတစ်ချို့သည် ကျွန်းအလယ်ပိုင်းနဲ့ တခြားမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ