စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင်လက်နက်ကြီးကျ၍ အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၄၇ ဦးဒဏ်ရာရရှိခဲ့မှု အပေါ် စစ်ကောင်စီက AA ကိုထိုးချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.3k

( စစ်ကောင်စီက မိမိလုပ်ရပ်ကိုဖုံးကွယ်ပြီး AA ကိုထိုးချခြင်းဟု ဒေသခံပြည်သူများပြော)

စိုးစံအောင်၊နိရဉ္စရာ ၊ မတ် ၁၇ / ၂၀၂၄

ရခိုင်ပြည်၊ မြို့တော်စစ်တွေတွင် လက်နက်ကြီးကျ၍ အရပ်သားပြည်သူ ၁၈ ဦးသေပြီး ၄၇ ဦးဒဏ်ရာရရှိခဲ့မှု အပေါ် စစ်ကောင်စီသတင်းစာများက ရက္ခိုင့်တပ်တော်(AA)မှ  ပြုလုပ်သည်ဟု စွပ်စွဲထိုးချထားသည်။

စစ်တွေမြို့ရှိ ကိုးရီးယားဆိပ်ကမ်းဈေး၊ စက်ရုံစု(၂) ရပ်ကွက်၊ ကသဲရပ်ကွက်၊ ပါဒလိတ်ကျေးရွာ၊ ရွှေပြည်သာရွာများသို့ လက်နက်ကြီးကျ၍ လူများသေဆုံးဒဏ်ရာရကာ အဆောက်အဦများ ပျက်စီးမှုအားလုံးမှာ  AA ၏လက်ချက်ဟု စစ်ကောင်စီက စွပ်စွဲဖော်ပြသည်။

" AA ၏ မြို့၊ ရွာ များအတွင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကျောင်း သား ကျောင်းသူနှစ်ဦးအပါ အဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံး ခဲ့ရသည်" ဟု စစ်တွေမြို့လက်နက်ကြီးကျမှုဖြစ်စဥ်များနှင့်ပတ်သက်၍ မတ်လ ၁၇ ရက်ထုတ် စစ်ကောင်စီ သတင်းစာများတွင် ရေးသားဖော်ပြသည်။

စစ်တွေမြို့လက်နက်ကြီးကျရောက်မှုဖြစ်စဥ်များမှာ စစ်ကောင်စီ၏လက်ချက်ဖြစ်ပြီး စစ်ကောင်စီအနေ ဖြင့် မိမိလုပ်ရပ်ကိုဖုံးကွယ်ကာ ရက္ခိုင့်တပ်တော်(AA) ကိုထိုးချနေခြင်းဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

စစ်တွေမြို့မှ လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက “အရပ်စကားနဲ့ ပြောရင် သူခိုးက လူလူဟစ်တာပါဘဲ။ အဲဒီ လက်နက်ကြီးကို စစ်တပ်က ပစ်တယ်ဆိုတာ တစ်မြို့လုံးသိသလို ရခိုင်ပြည်နယ် စစ်ကောင်စီက လူကြီးတွေကလည်း သိပါတယ်။ အင်ဘလာကို လက်နက်ကြီးပစ်တာကို ပေါက်တောမြို့နယ် သဲခုံကနေ အေအေက ပစ်တယ်လို့ စွပ်စွဲတယ်ဆိုတော့ အဲဒါ ခွေးတောင်ယုံမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ညဥ့်အချိန်က စစ်တွေမြို့ ရဲတပ်ရင်းအမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အင်ပါလာ မွတ်ဆလင်ရပ်ကွက်သို့ ကျရောက် ပေါက်ကွဲပြီး မွတ်ဆလင် (၅) ဦးသေဆုံးပြီး (၉) ဦးဒဏ်ရာရရှိသွားခဲ့သည်။

မတ် ၁၃ ရက်၊ နံနက် ၈ နာရီကျော်ခန့်က စစ်ကောင်စီ၏ နေဗီမှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ၄င်းလက်နက်ကြီးကျည်သည် ရွှေပြည်သာကျေးရွာ အခြေခံပညာ မူလ(လွန်) ကျောင်းသို့ ကျရောက်ခဲ့ကာ ဆရာ/ဆရာမ နားနေဆောင် ပြိုပျက်သွားခဲ့သည်ဟု ရွှေပြည်သာကျေးရွာသား တစ်ဦးကပြောသည်။

မတ်လ ၁၅ ရက် ညဥ့် ၁၂ နာရီခန့်ကလည်း စစ်တွေ တက္ကသိုလ်အနီး ဘုမေရွာရှိ ရဲတပ်ရင်း ၃၆ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ စက်ရုံစုရပ်ကွက် (၂)မှ ဇနီးမောင်နှံ ( ၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်က လည်း စစ်တွေပွိုင့်အနီးရှိ စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် စျေးကြီးအနီးရှိ ကိုးရီးယား ဆိပ်ကမ်းပျံကျစျေး၊ ရန်ပြေမာန်ပြေဘုရား နောက်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၂၁ ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း UN OCHA က သတင်းထုတ်ပြန်ထားသည်။

၎င်းဖြစ်စဉ်အားလုံးကို ရက္ခိုင့်တပ်တော်က ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များဘက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် စစ်ရာဇဝတ်မှု ( War Crime) ကို ကျူးလွန်ခြင်းဖြစ်ကြောင်း  စစ်ကောင်စီက စွပ်စွဲပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကသတင်း ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသ စစ်မျက်နှာတွင် စစ်ရှုံးနေမှုကိုလက်မခံနိုင်ဘဲ အရှက်ရဒေါသအမျက်ထွက်လျက် လူမျိုးရေး အမုန်းတရားများဖြင့် ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လူမျိုးရေးပဋိပက္ခများဖန်တီးခြင်း၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများကို ဗုံးကြဲခြင်း၊ မြို့ရွာရှိ ဈေးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း နှင့် လမ်းတံတားများကိုဖျက်ဆီးခြင်း အစရှိသည့် အောက်တန်းကျသော နည်းလမ်းပေါင်းစုံတို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာလျက်ရှိသည်ဟုလည်းဖော်ပြထားသည်။

ယင်းအပြင် ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ နံနက် (၈) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် စစ်တွေမြို့၊ ကိုရီးယား ဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ (၁၂ ) ဦး သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ (၃၁) ဦး၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ (၅၀) နီးပါးအထိရှိခဲ့သည့် ပစ်ခတ်မှုကို  ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘော တစ်စီးပေါ်မှ ကျူးလွန်ခြင်း ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)ကသတင်းထုတ်ပြန်ထားသည်။

စစ်တွေမြို့နှင့် ပတ်ဝန်းကျင်အနီးတဝိုက်၌ မည်သည့်တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိပါဘဲ အများပြည်သူလူထု ဈေးရောင်းဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ်ချက်ချက်ရှိရှိ ပစ်ခတ်ခြင်း ဖြစ်ပြီး ဤလုပ်ရပ်မှာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ