တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

မင်းပြား သာဒေ မွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးလာကြဲ၍ ၂၁ ဦး သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 677

နှင်းနွယ်နီ၊ နိရဉ္စရာ၊ မတ် ၁၈/၂၀၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခြိမ်တောင်အုပ်စုရှိ သာဒေမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက ယနေ့ ညဥ့်အချိန်၌ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးလာကြဲခဲ့သည့်အတွက်ကြောင့် အရပ်သား မွတ်ဆလင်  ၂၁ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၁၈ ရက်၊ နံနက် အစောကြီး၊ ညဥ့် ၁ နာရီ ၃၄ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်တစ်စီးက သာဒေ မွတ်ဆလင်ကျေးရွာထဲကို လာရောက် ဗုံးကြဲခဲ့သည့်အတွက်ကြောင့် လူနေအိမ်များတွင် ထိမှန်ကာ ကျေးရွာသားများ သေဆုံး၊ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ဂျက်တိုက်လေယာဥ်နဲ့ စက်သေနတ်နဲ့ပစ်သလို တရစပ်ပစ်တယ်။ ဗုံးလည်း ကြဲချတယ်။ ပွဲချင်းပြီး သေတာက အယောက် ၂၀ ပါ။ ဒဏ်ရာရတာက ၁၆ ယောက်လောက်ရှိပါမယ်။ လက်ပြတ်၊ ခြေပြတ်သွားတာတွေ၊ ခေါင်းပွင့်သွားတာတွေ၊ ဘေးစတွေ ပွင့်သွားတာတွေပါပါတယ်။ အဲဒီအထဲက တစ်ယောက် ဆေးရုံမှာ သေလို့ ရွာကိုသယ်လာပါပြီ။ သေဆုံးက ၂၁ ‌ယောက်ဖြစ်ပါတယ်” ဟုပြောသည်။

သေဆုံးသူများအထဲတွင် မွတ်ဆလင် ဘာသာရေးဆရာ ဦးဟာဆာနာလီ(၆၀) နှစ်ဝန်းကျင်နှင့် သူ၏ ဇနီးဖြစ်သူလည်း ပါဝင်ပြီး အသက် ၃ လ၊ ၅ လနှင့် ၁ နှစ်စသည့်အရွယ် ကလေးငယ်များလည်း ပါဝင်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“သေဆုံးသူတွေထဲမှာ မွတ်ဆလင် ဘာသာရေး ဆရာ တစ်ယောက်ပါတယ်။ သူ့ဇနီးလည်းပါတယ်။ ဒါကကျတော့ သက်ကြီးပိုင်း‌ပေါ့။ ကလေးသေးသေးလေး၊ လသားလေးတွေလည်းပါတယ်။ အလောင်းတွေအများကြီးပဲ” ဟုပြောသည်။

စစ်ကောင်စီ၏ဂျက်တိုက်လေယာဥ်မှ ကြဲချခဲ့သည့် ဗုံးထိမှန်၍ လူနေအိမ် ၅ လုံးခန့်ပြိုပျက်သွားပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့ကာ နှစ်ကောင်တွင် ဒဏ်ရာရခဲ့ကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်သူများ ရှိသည့်အတွက်ကြောင့် သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်သည်ဟု သူတို့အရေးကို ကူညီပေးနေသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားသည့် ပေါက်တော၊ မင်းပြား၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းအစရှိသည့် မြို့နယ်များရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများကို ညဥ့်အချိန်(လူအိပ်ချိန်) များ၌ ပြည်သူများကို ထိခိုက်၊ သေစေရန်အလှိ့ငှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဥ်များဖြင့် လာရောက်ဗုံးကြဲခြင်းများကို နေ့စဥ်ဆိုသလို ပြုလုပ်နေသည့်အတွက်ကြောင့် ပြည်သူများ သေဆုံး၊ ဒဏ်ရာရနေကြသည်။

ဆက်စပ် သတင်းများ