စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် လက်ပံပြားကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးတစ်ဦးအပါအဝင်နှစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 848

(ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၁၈/ ၂၀၂၄

စစ်ကောင်စီတပ်က ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာကို ယမန်နေ့ မတ်လ ၁၇ ရက် နေ့လယ် ၂ နာရီကျော်ခန့်က  လက်နက်ကြီဖြင့် ပစ်ခတ်၍ ကလေးတစ်ဦးနှင့် သက်ကြီးရွယ်အို တစ်ဦး  သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိသွားကြောင်း  ပေါက်တော ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

 

သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်၊ လက်ပံပြားရွာမှ  ဦး ဦး ရွှေဝင်း အသက် (၅၀) ကျော်နှင့် မခင်မျိုးနွယ် အသက် (၅) နှစ်ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်သူ  ဒေါ်မသန်းဌေး  အသက် (၃၀နှစ်)၊ ဦးသန်းလွင် အသက် (၂၇ နှစ်) နှင့် မချစ်စု အသက် (၁၄ နှစ်) ဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။

" သေဆုံးသူက လူကြီးတစ်ယောက်နဲ့ ကလေး တစ်ယောက်ပွဲချင်းပြီးသေတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်မှာ လက်နက်ကြီးကျည်ထိလို့ ကလေးပျက်ကျသွားတယ်လို့တော့ ကြားတယ်။ နောက်ထပ် ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဒဏ်ရာရတယ်" ဟု ၎င်းကပြောသည်။

ယမန်နေ့ မတ်လ ၁၇ ရက် နေ့လယ် ၂နာရီမှစပြီး စစ်တွေရဲတပ်ရင်း ၃၆ နှင့် စစ်ကောင်စီ တပ်ရင်းများမှလည်း လက်နက်ကြီးကျည်များ ပစ်ခတ်နေသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"  ၂နာရီလောက်က‌တည်းကပစ်နေတာ။ ခေါင်းပေါ်က ပျံသွားသလို့ပဲ ပစ်နေတာ။ အတွဲလိုက်တွေနဲ့ ။ အခုတလော အဲဒီ ရဲတပ်ရင်းက မကြာမကြာ ပစ်တယ်" ဟုပြောသည်။

ယင်းအပြင် စစ်ကောင်စီမှ ယနေ့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည်  ပေါက်တောမြို့နယ် စစ်ကဲချောင်းရွာ၊လက်ပံပြား၊ ကြိမ် ခွေမော်၊ တပ်မော်ရွာနှင့်  ထပ်တောင်ကိုကျရောက် ပေါက်ကွဲ၍ တောင်တန်း မီးလောင်နေသည်ဟု ပေါက်တောဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

"  လက်နက်ကြီးကျည်က လက်ပံပြားမှာ ၄လုံး၊  ကြိမ် ခွေ မော်မှာ ၄လုံး၊  မနော်သီရိမှာ ၂လုံး၊  တပ်မော်မှာ၂လုံးကျတယ် ။ ထပ်တောင်မှာလည်း တောင်တန်းမီးလောင်ခဲ့တယ် " ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း  ပေါက်တောမြို့နယ်  ကြိမ်ခွေမော်ကျေးရွာသို့ လက်နက်ကြီး ကျည်များကျရောက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ပေါက်တောမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်‌က ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီးနောက် အရပ်သားကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ နေ့စဉ်လိုလို သေဆုံးမှု၊ ထိခိုက်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ