ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်မှုထမ်းဥပဒေကြောင့် သံတွဲမှ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးနှုတ်ထွက်စာတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6.2k

စိုးစံအောင် ၊ နိရဉ္စရာ၊ မတ် ၁၈ / ၂၀၂၄

စစ်ကောင်စီ၏ ပြည်သူ့ စစ်မှုထမ်းဥပဒေက ဖိအားပေးမှုများကြောင့် သံတွဲမြို့နယ်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများအားလုံး ယနေ့ (မတ်လ ၁၈ ရက်) နေ့တွင် နှုတ်ထွက်စာတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ်ထဲတွင် ကျေးရွာအုပ်စုပေါင်း ၇၂ ခုရှိပြီး ၄င်းအုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးစုပေါင်းကာ ယနေ့မတ်လ ၁၈ ရက်တွင်၊ ခရိုင်ထွေအုပ်ရုံးသို့ နှုတ်ထွက်စာတင်လိုက်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် နီးစပ်သူကပြောသည်။

" သံတွဲမြို့နယ်က ကျေးရွာအုပ်စု ၇၂ အုပ်စုလုံးက အုပ်ကြီးတွေ အကုန် နှုတ်ထွက်စာတင်ခဲ့ပြီလို့ သိရတယ်ဗျ။ နှုတ်ထွက်စာအကုန်လုံးကို အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးက ယူပြီးတော့တင်လိုက်တာ။" ဟု သူကပြောသည်။

စစ်ကောင်စီ၏ ဖိအားပေးခိုင်းစေမှုများအရ စစ်မှု ထမ်းစုဆောင်းရေး ကွင်းဆင်းဆောင်ရွက်နေရသော် လည်း ​မြေပြင်တွင် ကျေးရွာသားများ၏အငြိုး အတေးထားမှုများကြုံတွေ့လာရသည့်အတွက် အကျပ်ရိုက်ကာ နှုတ်ထွက်စာတင်လိုက်ကြခြင်းဖြစ်ကြောင်းလည်းသူကပြောသည်။

"သူတို့သားကို ထည့်ရမလား။ ငါ့သားကိုထည့်ရမလားဆိုပြီး အုပ်ကြီးဆီ ရန်ညှိုးတွေကလည်း လှည့်လာပြီလေ။ အဲဒီတော့ နှစ်ဘက်ကြားမှာ အကျပ်ရိုက်တာပေါ့။ ဒါကြောင့် နှုတ်ထွက်စာ တင်လိုက်ကြတာလို့ပြောတယ်ဗျ" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ယခုကဲ့သို့နှုတ်ထွက်စာတင်လိုက်သည့်အပေါ် စစ်ကောင်စီဘက်ကအငြိုးထားကာ ဖမ်းဆီးမည်ကိုလည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကစိုးရိမ်နေကြသည်ဟုဆိုသည်။

"အုပ်ကြီးတွေက သူတို့အတွက် အန္တရာယ်များဖြစ်လာနိုင်မလားပဲ။ ဖမ်းတာဆီးတာတွေပေါ့။ ဘာတွေ ဖြစ်လာမလဲ မသိဘူးလေ။ စိုးရိမ်မှုရှိနေကြတာပေါ့" ဟု ပြောသည်။

သံတွဲမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို မတ်လ ၆ ရက်တွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ယနေ့ မတ်လထဲစတင်၍ ကျေးရွာအုပ်စုတစ်ခုမှ လူငယ်နှစ်ဦးစီ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က မဲနှိုက် ရွေးချယ်ပြီး စစ်သင်တန်းခေါ်ယူမည်ဟုသိရသည်။

စစ်ကောင်စီသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို လေးလတကြိမ်စီ လူသစ်စုဆောင်းပေးရမည်ဟု အတင်းအကျပ် ဖိအားပေးထားသည့်အတွက် စစ်ကောင်စီနှင့် ကျေးရွာသားများကြားတွင် ဘေးကျပ်နံကျပ် အခြေအနေကြုံတွေ့ကြရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတချို့က နိရဥ္စရာသို့ပြောသည်။

ဆက်စပ် သတင်းများ