စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီကဗုံးကြဲ၊ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရခိုင်တွင် ၃ ရက်အတွင်း အရပ်သား ၃၀ ကျော်သေဆုံးပြီး ၄ဝ ထက်မနည်းထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ မတ် ၁၈/၂ဝ၂၄

ရခိုင်တွင် စစ်ရှုံးနေသည့် အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက်နေရာများအား ရည်ရွယ်ချက်ရှိရှိ  ဦးတည် ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် မတ်လ တတိယအပတ် (၃) ရက်အတွင်း အပြစ်မဲ့ပြည်သူ  ၃၀ ကျော် သေဆုံးပြီး လူ ၄ဝ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

မတ်လ ၁၆ ရက်နေ့မှ မတ်လ ၁၈ ရက် (၃) ရက်တာအတွင်း သေဆုံးသူနှင့် ဒဏ်ရာရသူများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

(မတ်လ ၁၆ ရက်တွင် မြို့နယ် ၄ ခုမှ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅ ဦးရှိသည်။)

မတ် ၁၆ ရက် နေ့လယ် ၂ နာရီခန့်က မြေပုံမြို့နယ် စညှင်းကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီ တပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်ခြားကျေးရွာမှ သားအဖ ၃ ဦးဖြစ်သည့် ဦးကျော်ဝင်း(၅ဝ) နှစ်၊ ကိုမောင်ရဲလင်း(၃ဝ) နှစ်နှင့် မမေနီဝင်း (၂၃) နှစ်တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

နောက်ထပ် မြေပုံမြို့နယ်၊စညှင်းကျေးရွာနေ မစောနှင်းဖြူ (၁၅) နှစ်နှင့် ကိုဇော်ဝင်း (၂၇) တို့မှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကုန်တန်းကြိမ်ချောင်းကျေးရွာကို စစ်တွေပါဒလိတ်အခြေစိုက် ခလရ (၃၄၄) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပြီး အရပ်သား ၁ဝ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သူများမှာ ဦးဦးသိန်းထွန်းအသက် (၇၀) နှစ်၊ ဒေါ်ဦးသန်းနွဲ့ (၅၃) နှစ်၊ ဒေါ်အေးခင်မေ (၄၀) နှစ်၊   ဒေါ်မနွှဲ့ရီ (၅၀) နှစ်၊ ၁၀ကျောင်းသူ မဇင်ဇင်မိုး (၁၆) နှစ်၊ မဆန်းခင် (၂၀) နှစ်၊ မနှင်းနှင်းဝေ (၂၅) နှစ်၊ မခိုင်သဇင်ဦး (၅) နှစ်၊ မနှင်းယုခိုင် (၃) နှစ်၊ မခင်ဆန်းဦး (၁၀) နှစ်တို့ဖြစ်သည်။

ယင်းနေ့ နံနက်ပိုင်းက စစ်ကောင်စီလေကြောင်းမှ Y-12 စစ်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ၍ မြောက်ဦးမြို့နယ်၊ ပုရိန်ကျေးရွာတွင် ကျရောက်ပေါက်ကွဲကာ အသက် ၁၃ နှစ်အရွယ် မောင်နုရ်ဟာန်နော်ဒိန် (ဘ) ဦးချောဘီခါးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံမျက်မြင်များ၏ ပြောပြချက်အရသိရသည်။

 စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက် (၂) တွင် ယမန်နေ့ မတ်လ ၁၅ ရက်နေ့ည ၁၂ နာရီခန့်က စစ်တွေ တက္ကသိုလ်အနီး ဘုမေရွာရှိ ရဲတပ်ရင်း ၃၆ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ဇနီးမောင်နှံ (၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုဆိုသည်။

ယင်းကြောင့် မတ်လ ၁၆ ရက်နေ့ တစ်နေ့တည်းတွင် အရပ်သားသေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅ ဦးရှိခဲ့သည်။

(မတ်လ ၁၇ ရက်နေ့တွင် မြို့နယ် ၂ ခုမှ သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁ ဦးထက်မနည်း ရှိသည်။)

မတ်လ ၁၇ ရက်နေ့ နံနက်အစောကြီး ညဉ့် ၁၂ နာရီကျော်အချိန်ခန့်က စစ်ကောင်စီ လေယာဉ် Y-12ဖြင့် ကြဲချသည့် ဗုံးထိမှန်ပြီး မြောက်ဦး မြို့ထဲတောင်ရပ်ခွဆုံ၊ ဘားဘူတောင်နား၊ ကုန်သည်တန်း နန်းရာကုန်း အနီးတွင် အမျိုးသမီးများအပါအဝင် လူ ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၈ ဦးထက်မနည်းရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်က ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာကို မတ်လ ၁၇ ရက် နေ့လယ် ၂ နာရီကျော်ခန့် က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးတစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်၊ လက်ပံပြားရွာမှ ဦး ဦး ရွှေဝင်း အသက် (၅၀) ကျော်နှင့် မခင်မျိုးနွယ် အသက် (၅) နှစ်ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်သူ ဒေါ်မသန်းဌေး အသက် (၃၀နှစ်) ၊ ဦးသန်းလွင် အသက် (၂၇ နှစ်) နှင့် မချစ်စု အသက် (၁၄ နှစ်) တို့ဖြစ်ကြသည်။

(မတ်လ ၁၈ ရက်နေ့တွင်ကလေးငယ်များအပါအဝင်သေဆုံးသူ ၂၃ ဦး နှင့် ဒဏ်ရာရရှိသူ ၁၅ ဦးရှိခဲ့သည်။

မင်းပြားမြို့နယ်ရှိ ခြိမ်တောင်အုပ်စုရှိ သာဒေမွတ်ဆလင်ကျေးရွာကို မတ်လ ၁၈ ရက်၊ နံနက် အစောကြီး၊ ညဉ့် ၁ နာရီ ၃၄ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲမှုကြောင့် အရပ်သား မွတ်ဆလင် ၂၃ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သေဆုံးသူများအထဲတွင် မွတ်ဆလင် ဘာသာရေးဆရာ ဦးဟာဆာနာလီ (၆၀) နှစ်ဝန်းကျင်နှင့် သူ၏ ဇနီးဖြစ်သူတို့အပါအဝင် အိမ်နီးနားချင်းမိသားစုများမှ အသက် ၃ လ၊ ၅ လနှင့် ၁ နှစ်စသည့်အရွယ် ကလေးငယ်များအပါအဝင် ၂၁ ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထက်မနည်း ရှိခဲ့သည်ဟု အဆိုပါကျေးရွာသို့ လူကိုယ်တိုင်သွားရောက်ခဲ့သည့် နိရဉ္စရာမှ ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။ နောက်ထပ် ၂ ဦး ဆေးရုံတွင် သေဆုံးသွားသဖြင့် သေဆုံးသူ အရေအတွက် ၂၃ ဦးထိတိုးလာခဲ့သည်။

ယင်းကြောင့် သုံးရက်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်ခတ်၍ သေဆုံး ခဲ့ရသူ လူ ၃ဝ ကျော် ရှိခဲ့ပြီး လူ ၄ဝ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အရပ်သား ၂၁ ဦးသေဆုံးခဲ့သည့်အတွက် လက်ရှိမတ်လ ၁၈ ရက်နေ့အထိ သေဆုံးသူ ၅ဝ ထက်မနည်းရှိနေပြီဖြစ်သည်။

ဆက်စပ် သတင်းများ