Preview

စစ်တွေတွင် ရပ်ကွက်ချင်းအလိုက် အမျိုးသမီးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT) လူငယ်များ အပါအဝင် လူငယ် ၂၀၀မှ ၃၀၀ခန့် စစ်ကောင်စီထံ စစ်မှုထမ်းရန် စာရင်းထွက်လာသဖြင့် စိုးရိမ်နေကြ

မတ် ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :16660
ရခိုင် သတင်း

အိမ်စိုးဖြူ၊နိရဉ္စရာ၊ မေ ၁၉/၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ရပ်ကွက်အလိုက် အမျိုးသမီးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) လူငယ်များအပါအဝင်၂၀၀မှ ၃၀၀ ခန့် စစ်ကောင်စီထံ စစ်မှုထမ်းရန် စာရင်းထွက်လာသဖြင့်မိသားစုဝင်များ အနေဖြင့် စိုးရိမ်နေကြကြောင်းသတင်းရရှိသည်။

နေအိမ်တချို့မှ လူငယ်၃ ဦးခန့် အဆိုပါစာရင်းတွင်ပါသည်ကိုတွေ့ရပြီးလိင်စိတ်ခံယူမှုကွဲပြားသူ လူငယ်များနှင့် အမျိုးသမီးငယ်များ အမည်များပါ ပါဝင်နေသည့်အတွက်မိသားစုဝင်များမှာ စိုးရိမ်နေကြသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

ရွာကြီးမြောက်ရပ်ကွက်နေ အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးက “ အန်တီသားကအိမ်ထောင်သည်ပါ။ သူ့နာမည်ပါတယ်ဆိုလို့ သွားကြည့်တော့ အဖေနာမည်နဲ့ တကွ စာရင်းတွေနဲ့ပါလာတာပါ။မိန်းကလေးလေးယောက်နာမည်ပါတယ်။ မိန်းမလျာလေးတွေ နာမည်တွေလည်း ပါတယ်။ မိသားစုတွေငိုနေကြပြီ”ဟု ပြောသည်။

၎င်းအပြင် ကုန်တန်းရပ်ကွက်နေအမျိုးသမီးတစ်ဦးက ၎င်း၏ အမျိုးသားဖြစ်သူနှင့် အစ်ကိုနှစ်ဦးလုံးမှာစစ်ကောင်စီတွင် စစ်မှုထမ်းရန် စာရင်းပါနေသည်ကိုတွေ့၇သဖြင့်စိတ်မကောင်းဖြစ်မိကြောင်းပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ကို နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာတွင် စစ်မှုထမ်းစာရင်းထွက်လာသည်မှာဟုတ်မှန်သော်လည်း လ၀ကမှ ပေးထားသည့် စာရင်းသာ ဖြစ်ကြောင်း၊ စာရင်းမှာပါသူအားလုံးကိုခေါ်ယူမှာ မဟုတ်ကြောင်းပြောသည်။

“အခုက လ၀က ကနေ စစ်မှုထမ်းနိုင်တဲ့သူ စာရင်းထွက်လာတယ်။ အဲဒါကိုစစ်တွေမှာ ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်လိုက် သွားရောက်စိစစ်ရမယ်ဆိုပြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်လို့ သိရတယ်။ စာရင်းပါ အချက်အလက်ညီရင်တော့စစ်မှုထမ်းရမယ်။ ဒါပေမယ့် အကုန်လုံးတော့ ပါမှာ မဟုတ်ဘူး” ဟုအမည်မဖော်လိုသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ရခိုင်တွင်ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေပြီး ရခိုင်မြောက်ပိုင်း မြို့နယ်အများအပြားကို AA ကသိမ်းပိုက်ရရှိထားပြီဖြစ်သည်။ ယင်းကြောင့် စစ်ကောင်စီ တပ်စခန်းတချို့ကျန်ရှိနေသည့်စစ်တွေမြို့အဝင်၊ အထွက်အားလုံးကို ခရီးသွားလာခွင့်ပိတ်ဆို့ထားကြောင်းဒေသခံများကပြောသည်။

ယင်းကြောင့်စစ်ကောင်စီထိမ်းချုပ်ထားချင်သည့် စစ်တွေမြို့နှင့်ရခိုင်တောင်ပိုင်းမြို့နယ်များဖြစ်သည့် သံတွဲ၊ ကျောက်ဖြူတို့တွင်လည်း ရပ်၊ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် စစ်မှုထမ်းရန် ဖိအားပေးလုပ်ဆောင်မှုများရှိနေကြောင်းသိ၇သည်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.