စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေတွင် တက္ကသိုလ်ဝင်စာမေးပွဲလာဖြေဆိုသည့် နယ်မှ ကျောင်းသား/သူ ၃၀၀ ကျော်ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3k

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မတ် ၁၉/၂၀၂၃

ရခိုင်ပြည်၊ မြို့တော်စစ်တွေတွင် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသည့် နယ်မှ ကျောင်းသား/ ကျောင်းသူ ၃၀၀ ကျော် ပြန်ခွင့်မရဘဲ ပိတ်မိနေကြောင်း သိရသည်။

တက္ကသိုလ်ဝင် ၁၂ တန်းစာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/သူများ အထဲမှ မတ် ၁၆ ရက်နေ့ စာမေးပွဲ ဖြေဆိုပြီးစီးသွားခဲ့သည့် ဘောဂနှင့် ဇီ၀တွဲ ယူသူ ကျောင်းသား/ ကျောင်းသူများကို မြို့နယ်ပညာရေးမှူးရုံးမှ စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား မှန်ကန်ကြောင်း ထောက်ခံချက်နှင့် အတူ မတ်လ ၁၆ ရက် နှင့် ၁၇ ရက်နေ့များတွင် ရေကြောင်းမှ နေရပ်ပြန်ခွင့်ပေးခဲ့သည်။

သို့သော် ကျန်ရှိသည့် ကျောင်းသားများအား မတ်လ ၁၈ ရက်နေ့မှစကာ သွားခွင့် မပေးတော့သည့်အတွက် အခက်အခဲ ဖြစ်နေကြရကြောင်း အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

"၁၆ ရက်နေ့မှာ နည်းနည်းသွားခွင့်ရတယ်။ ၁၇ ရက်နေ့မှာ စက်လှေ ၅ စီးလောက် သွားရတယ်။ စုစုပေါင်း ကျောင်းသားမိဘပါဆိုရင် ၂၀၀ လောက်သွားခွင့်ရတယ်။ အဲ့ဒီနောက်ပိုင်း လုံးဝမသွားရဘူးဆိုပြီး ကန့်သတ်လိုက်တော့ မသွားရတော့ပါဘူး။ မှန်မှန်ကန်ကန်စာရင်းစစ်ပြီး ရင်သွားခွင့်ပေးမယ်ဆိုလို့ ရွှေပြည်တန်ဂိတ်မှာ စုပြုံပြီး တစ်နေကုန်သွားစောင့်တာ ဂိတ်ကိုတောင် မဝင်ရပါ"ဟု ပြောသည်။

စစ်တွေတွင် ပိတ်မိနေသည့် ကျောင်းသား/ကျောင်းသူ ၃၀၀ ကျော်ရှိပြီး ၎င်းတို့မှာ စစ်တွေတွင် အဆောင်နေကာ ကျောင်းတက် ကြသူများ နှင့် ကျောက်တော်၊ မြောက်ဦး ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်တို့မှ စစ်တွေသို့ စာမေးပွဲလာရောက်ဖြေဆိုကြသူများ ဖြစ်ကြသည်။

သက်ဆိုင်ရာ ပညာရေးဌာနမှ တာဝန်ရှိသူများအား အကျိုးအကြောင်း မေးမြန်းသော်လည်း တာဝန်ယူပြောဆိုမည့်သူမရှိကြောင်း ၄င်းက ဆက်ပြောသည်။

"ပထမက သွားခွင့်ရမယ်ပြောတယ်။ အခု မနေ့ကတစ်ရက်နဲ့ ဒီနေ့တစ်ရက်ရှိသွားပြီ။ မသွားရဘူး။ အခု သွားခွင့်ပေးမယ့်အရေး ဘယ်သူ့ကိုမှ ပြောလို့မရတော့ဘူး။ မသိသလို နေနေကြပြီ" ဟု ပြောသည်။

စစ်တွေခရိုင်အတွင်း စစ်တွေမြို့မှလွဲ၍ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့များကို အေအေက သိမ်းပိုက်ပြီးနောက် စစ်တွေမြို့ခံအများအပြားလည်း အေအေ ထိမ်းချုပ်ရာ ဒေသများသို့ တိမ်းရှောင်သွားကြသည်။ စစ်ကောင်စီ တပ်ကလည်း မတ်လ ၁၆ ရက်မှစကာ ဒေသခံများကို စစ်တွေပြင်ပသို့ သွားလာခွင့် လုံးဝ မပြုတော့ကြောင်း သိရသည်။

စစ်တွေ-ရန်ကုန် ကားလမ်းပေါ်ရှိ မင်းချောင်းတံတားကို စစ်ကောင်စီက သွားလာ၍ မရအောင်ဖျက်စီးထားသည့်အတွက် စစ်တွေမှရေကြောင်းဖြင့်သာ သွားလာကြရခြင်း ဖြစ်သည်။

နယ်မှ စစ်တွေသို့ စာမေးပွဲလာရောက်ဖြေဆိုသည့်ကျောင်းသားများသည် စစ်တပ် နေဗီ နှင့် ရဲများကို ပိုက်ဆံပေးပြီး ဟွန်တာစက်လှေအငယ် (၁၅ ခန့် ဆံ့)တစ်စီးကို သိန်းတစ် ဆယ်ကျော် ပေးငှားကြရသလို စစ်တွေတစ်ဖက်ကမ်းရှိ ပေါက်တောသို့ပင်လျင် စက်လှေခ တစ်ဦးကို တစ်သိန်းခွဲပေးကာ ခက်ခက်ခဲခဲ လာဖြေကြရခြင်းဖြစ်ကြောင်း သိရသည်။

ငွေကြေးအခက်အခဲ၊ လုံခြုံရေးအခက်အခဲများကြားက ပညာရေးကိုဦးစားပေးကာ စာမေးပွဲကိုလာရောက်ဖြေဆိုခဲ့ကြသော်လည်း ပြန်ခွင့်မရသည့်အတွက် စိုးရိမ် ပူပင်နေရသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"စာမေးပွဲကို အသိအမှတ်ပြုလို့ဖြေတဲ့ကျောင်းသားတွေကို လာတုန်းကတော့ လာကြပါဆိုပြီး ပြန်မယ့်အချိန်ကျတော့ ချောချောမွေ့မွေ့ ပြန်ခွင့်မပြုဘဲ မသိသလို သူနဲ့မဆိုင် ကိုယ်နဲ့မဆိုင်လုပ်နေကြတာကတော့ တကယ့်ကို လူသားချင်း မစာနာတောင်မကဘူး၊ သားသမီးချင်း မစာနာဘူးလားလို့တောင် ခံစားရတယ်”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

လက်ရှိမှာ နီးစပ်ရာ အသိမိတ်ဆွေအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင် နေကြရပြီး စားဝတ်နေရေးအတွက် ငွေကြေးအခက်အခဲရှိနေကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ရေးအခြေအနေများကြောင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား ၄၄၆၃ ဦး နှင့် ကျောင်းသူ ၅၆၁၂ ဦး စုစုပေါင်း ပျက်ကွက်သူ ၁၀၀၇၅  ဦး ရှိပြီး ၅၄ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယပျက်ကွက်မှု အများဆုံး ပြည်နယ်ဖြစ်သည်ဟု စစ်ကောင်စီပိုင်သတင်းစာများတွင် ရေးသားဖော်ပြသည်။

ယခင်နှစ်များက မြို့ပေါ် စာစစ်ဌာနနှင့် နယ်စာစစ်ဌာန သက်သက် ခွဲဖြေလေ့ ရှိပြီး ယခု ၂၀၂၄ တိုက်ပွဲများကြောင့် မြို့ပေါ် စာစစ်ဌာနနှင့် နယ်စာ စစ်ဌာန ပေါင်းဖြေကြသည်ဟု မြို့ခံများကပြောသည်။

မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ စစ်ဆေးခဲ့သည့် တကက္ကသိုလ်ဝင် ၁၂ တန်း စာမေးပွဲကို ရခိုင်ပြည် မြောက်ဘက်ပိုင်းတွင် စစ်တွေမြို့ တစ်မြို့တွင်သာ ကျင်းပ စစ်ဆေးနိုင်ခဲ့ပြီး တောင်ဘက်ပိုင်းမှ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့ တို့တွင် စာမေးပွဲကျင်းပစစ်ဆေးခဲ့ကြောင်းသိရသည်။ (ဓာတ်ပုံ- ယခင်ပုံဟောင်းသာ)

ဆက်စပ် သတင်းများ