စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်တချို့ ထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

သဉ္စာနွယ်၊ နိရဉ္စရာ ၊ မတ် ၂၀/၂၀၂၄

ရခိုင်ပြည်၊တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် စစ်မှုထမ်းရန် ရပ်ကွက်၊ ကျေးရွာများအလိုက် မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်နေပြီး ထိုအထဲက မဲပေါက်သည့် ရခိုင်ငယ် တချို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သတင်းရရှိသည်။

ဂွမြို့မှ လူငယ်တစ်ဦးက “ တစ်ချို့လူတွေက ဥပဒေနဲ့ ကိုက်ညီပေမယ့် ရွေးချယ်မခံရဘူး။ အုပ်ချုပ်ရေးပိုင်းနဲ့ သိတဲ့ သူတို့လူတွေဆိုရင် သူတို့က စစ်မှုထမ်းဖို့မခေါ်ဘူး။ အဲ့ဒါကြောင့် ကျိန္တလီမြို့ ရပ်ကွက် ၃ က လူငယ်တချို့က အုပ်ချုပ်ရေးမှူးနဲ့စကားများကြတယ်။ ၁၃ ယောက်လောက် ထွက်ပြေးသွားကြတယ် “ ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဂွ မြို့နယ်၊ ကျိန္တလီမြို့ပေါ်ရပ်ကွက် အမှတ် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်တွင် ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့က စစ်မှုထမ်းခေါ်ရန် မဲနှိုက်ရွေးချယ်မှုများပြုလုပ်ခဲ့သည်ဟု ကျိန္တလီ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ ရပ်ကွက်တွေမှာ မဲနှိုက်ပြီး လူရွေးတယ်။  မဲပေါက်တဲ့လူတွေအထဲက တစ်ရပ်ကွက်က ၂ ယောက်စီရွေးတယ်။ အခုရွေးချယ်တာက ပြည်သူ့စစ်မဟုတ်ဘူး။ အမြဲ တမ်း စစ်သားလုပ်ရမှာတဲ့။ ရွေးချယ်ခံရတဲ့သူက ရွေးချယ်စရာ မရှိဘူး။ ပထမဆုံးမဲပေါက်တဲ့သူက အပတ်စဥ်(၁)မှာ သင်တန်းအရင်သွားတက်ရမယ်။ နောက်လူတွေက နောက်အပတ် အဲ့ဒီလိုပါ။ ပြည်သူ့စစ်အတွက်ကလည်း သက်သက်ထပ်ရွေးမှာပါ ” ဟုပြောသည်။

စစ်ကောင်စီ၏ပြည်သူအပေါ်ဖိအားပေးမှုများကြောင့် ရွေးချယ်စရာလမ်း မရှိတော့သကဲ့သို့ ရက္ခိုင့်တပ်တော်ထံသွားရောက်မည်ဆိုပါကလည်း လမ်းကြောင်းမရှိဟု ဂွမှ လူငယ်တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ မဲနှိုက်တဲ့လူအများစုကလည်း မတတ်သာလို့ ရွေးချယ်စရာမရှိလို့သာလုပ်ကြရတာ။ တောင်ပိုင်းမှာက အခက်ခဲရှိတယ်။  ဟိုဖက်ကိုသွားမယ်ဆိုလည်း လမ်းကြောင်းမရှိဘူး “ ဟုပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ နှင့် မာန်အောင်တို့တွင် ပြည့်သူစစ်မှုထမ်းခေါ်ဆောင်မှုများကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်နေမှုများကြောင့် လူငယ်နှင့်လူလတ်ပိုင်းအရွယ်များအကြားတွင် စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်းသိရသည်။

ယင်းအပြင်စစ်သင်တန်းတက်မည့်သူများအတွက် စားစရိတ် ထောက်ပံ့ကြေးဟုဆိုကာ အိမ်ထောင်စုတစ်ခုကို ၅၀၀၀ ကျပ်စီ စစ်ကောင်စီကကောက်နေကြောင်းလည်း မြို့ခံများကပြောသည်။

------------

ဆက်စပ် သတင်းများ