စနေ၊ မေလ ၄ရက်၊ ၂၀၂၄

သံတွဲ- တောင်ကုတ်ကြား တောင်တန်းများကို စစ်ကောင်စီလေယာဥ်နဲ့ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

 စိုးစံအောင် ၊ နိရဉ္စရာ ၊ မတ် ၂၀ / ၂၀၂၄

ရခိုင်ပြည် တောင်ပိုင်း သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အစပ် နေရာများရှိ တောင်တန်းများကို ယနေ့ နေ့လယ်က စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယနေ့နေ့လယ် ၁ နာရီအချိန်လောက်က တောင်ကုတ်မြို့နယ်၊ ဟုန်းပေါက်ကျေးရွာနှင့် သံတွဲမြို့နယ် ဒေါ်မြရွာသစ်ကြားမှ ချီချောင်းအနီးတောင်များကို လေယာဥ်နှင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရွှေလှေဒေသခံတစ်ဦးကပြောသည်။

" ချီချောင်းဘက်ကို ဗုံးကြဲတာလေယာဥ်နဲ့။ အားလုံးပေါက်ကွဲသံ ၁၁ ချက်လောက် ကြားလိုက်ရတယ်။လေယာဥ်နဲ့ဗုံးကြဲတာပဲဖြစ်မယ်။ရွာထက်ကနေဂျက်ဖိုက်တာလည်း သုံးကြိမ်လောက်ဝဲသွားတယ်" ဟု သူက​ပြောသည်။

ဟုန်းပေါက်ကျေးရွာနှင့် ချီချောင်းဒေသများသည် သံတွဲမြို့နယ်အစနှင့် တောင်ကုတ်မြို့နယ် အစတွင်ရှိသည့်နေရာများဖြစ်သည်။

ကမ်းဒေးကျေးရွာဒေသခံတစ်ဦးကမူ" နေ့လယ်ပိုင်းကလေယာဥ်တွေပျံပြီး ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ ဟုန်းပေါက်ဖက်ကအသံတွေကြားရတယ်။တအုန်းအုန်းနဲ့" ဟု ပြောသည်။

အဆိုပါနေရာတွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိမရှိကို အတည်ပြုနိုင်ရန် အနီးအနားကျေးရွာသားများနှင့်အဆက်သွယ်ရရှိရန်ကြိုးစားနေသည်။

ယနေ့မနက်ပိုင်းကပင် သံတွဲနှင့် တောင်ကုတ်တို့တွင် Mytel ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း မြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ