သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

မိသားစုများစစ်ဘေးရှောင်နေစဉ် ကျောက်ဖြူ ပြင်ဖြူမော်ပိုက်ဆိပ် မီးလောင်ပြီး နေအိမ် ၆၀ ကျော် ပျက်စီးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(ဒေသခံများက စစ်ကောင်စီတပ်က မီးရှို့ဟု ယူဆနေကြ)

စိုးစံအောင် ၊ နိရဉ္စရာ၊ မတ် ၂၀ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက် ပိုက်ဆိပ်တွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး  နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။

၎င်းပိုက်ဆိပ်ကို ကျူးကျော်နေအိမ်များဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားခိုင်းထားပြီး မိသားစုများ စစ်ဘေးရှောင်နေစဉ် မီးလောင်ခြင်းဖြစ်သည်ဟု သိရသည်။

" နေ့လယ် တစ်နာရီခွဲလောက်ကလောင်တာဗျ။ အိမ် ၆၀ ကျော်လောက်မှာ ၃ အိမ်လောက်ပဲ ကျန်ခဲ့တယ်။ ဘာကြောင့်လောင်တယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်းမသိရဘူး" ဟု မီးလောင်ရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါပိုက်ဆိပ်မှ နေအိမ်ပိုင်ရှင်အများစုမှာ တိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ကျေးရွာများဘက်သို့ စစ်ဘေးရှောင်သွားကြခြင်းဖြစ်ပြီး ရွာတွင် လူမရှိစဉ်  ယနေ့မတ်လ ၂၀ ရက်၊ နေ့လယ် တစ်နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပိုက်ဆိပ်မှနေအိမ်များမှာကျူးကျော်ဟုဆိုကာ စစ်ကောင်စီက တောက်လျှောက် ဖယ်ရှားခိုင်းနေသည့် နေရာဖြစ်ပြီး ၄င်းပြင်ဖြူမော်ရပ်ကွက်အနီးတွင် စစ်တပ်တပ်စွဲထားကြောင်းလည်း ဒေသခံများကပြောသည်။

" ပိုက်ဆိပ်မှာက အိမ်ပိုင်ရှင်တွေ အများစုကမရှိတော့ဘူး။ သူတို့တွေကကျေးရွာတွေဘက်ကလာပြီး ပိုက်လုပ်ငန်းလုပ်နေကြတဲ့သူတွေ။ အခုတကြိမ်ကျောက်ဖြူမှာတိုက်ပွဲတွေလည်းဖြစ်လာတော့။ စစ်ဖြစ်မှာကြောက်ပြီးအိမ်ရှင်တွေရှောင်နေကြတာအတော်လေးကြာပြီလို့ပြောကြတယ်။" ဟု နောက်ထပ်ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးကပြောသည်။

အဆိုပါပိုက်ဆိပ်မီးလောင်မှုမဖြစ်ခင် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်များတွင်လည်း စစ်ကောင်စီဘက်က ပိုက်ဆိပ်မှ နေအိမ်များကို လာရောက်ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်ဟု ကျောက်​ဖြူမြို့ခံ သတင်းရင်းမြစ် တစ်ဦးကပြောသည်။

" မတ်လ ၁၈ ရက်ကလည်း စစ်ကောင်စီဖက်ကဖယ်ပေးဖို့ပြောတယ်လို့သိရတယ်။ ၁၉ ရက်ကလည်း ထပ်ပြောတယ်လို့ နီးစပ်တဲ့သူတွေဆီက သိရတယ်။ အခု လူတော်တော်များက စစ်တပ်က ရှို့တာလို့ ယူဆနေကြတယ်" ဟု ပြောသည်။

မီးလောင်မှုအတွင်း ပိုက်ဆိပ်မှနေအိမ်များအပါအဝင် ငါးဖမ်းပိုက်များနှင့် ရေခဲဘူအများပြား ပျက်စီး ဆုံးရှုံးသွားကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ ကျောက်ဖြူမီးသတ်တပ်ဖွဲ့၏ အတည်ပြုချက်ကို ဆက်သွယ် မေးမြန်းနိုင်ရန်နိရဥ္စရာသတင်းဌာနက ကြိုးစားနေဆဲဖြစ်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ၁၈ရက် မနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ် အနီး သစ်ပုတ်တောင်လမ်းခွဲမှနေအိမ် ၆ လုံးကို စစ်တပ်က လာရောက်မီးရှို့ကာနေအိမ်ပိုင်ရှင်များကို ဖမ်းဆီးသွားခဲ့သည်။

ဆက်စပ် သတင်းများ