စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မြောက်ဦး လေညှင်းတောင်ရွာကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးလာကြဲ၍ ကလေးငယ် ၄ ဦး အပါအဝင် ၅ ဦးသေဆုံး၊ ၁၀ ဦးခန့်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

နှင်းနွယ်နီ၊ နိရဥ္စရာ၊ မတ် ၂၁/၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲ၍ ကလေးငယ် ၄ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကာ ၁၀ ဦးခန့် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

ယနေ့ မတ်လ ၂၁ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က စစ်ကောင်စီ ဂျက်တိုက်လေယာဥ်တစ်စီးသည် အထက်လေညှင်းတောင်ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။

“ဂျက်နဲ့လာပြီးတော့ ပစ်သွားတာ။ အလောင်းတွေ အပိုင်းပိုင်းအပြတ်ပြတ် မြင်မကောင်းဘူး။ ဒဏ်ရာရသူတွေကို ခု နီးစပ်ရာ ဆေးရုံတွေကို ပို့နေပါတယ်။ စိုးရိမ်ရတဲ့သူတွေလည်း ရှိပါတယ်” ဟုပြောသည်။

စစ်ကောင်စီက ဗုံးလာကြဲခဲ့၍ နေအိမ် ၃ လုံး ပြိုပျက်သွားကာ ကျည်စထိမှန်၍ သေဆုံးသူများအထဲတွင် အသက် ၃ နှစ်နှင့် ၄ နှစ်ခန့်အရွယ် ယောက်ကျားလေး ၂ ဦး၊ အသက် ၁၃ နှစ်ခန့်အရွယ် မိန်းကလေးငယ် ၂ ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး ပါဝင်သည်ဟု အဆိုပါကျေးရွာမှ အမျိုးသမီးတစ်ဦးပြောသည်။

“အိမ်မှာ ထမင်းချက်နေတဲ့ အမျိုးသမီး တစ်ယောက်သေတယ်။ အဲဒီအိမ်နားက ဆိုင်မှာ စျေးဝယ်နေကြတဲ့ ကလေးတွေလည်း ကျည်စစဥ်ပြီး သေကြတယ်။ ဒဏ်ရာလည်း ၁၀ ယောက်လောက် ရကြတယ်။ ဆိုင်ရောင်းတဲ့အမျိုးသမီးလည်း ဒဏ်ရာရသွားတယ်” ဟုပြောသည်။

ဂျက်တိုက်လေယာဥ်ဖြင့် စစ်ကောင်စီသည် အထက်လေညှင်းတောင် ကျေးရွာ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းသို့ တမင်တကာ လာရောက်ပစ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကျေးရွာသားများက ပြောကြသည်။

“ရွာဝင်ဝနားက ဆိုင်းဘိုးနားမှာလည်း ကျတယ်။ အဲဒီနားမှာကျလို့ ကျည်စစဥ်လို့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။ ရွာအနောက်ဘက်မှာကျတာကတော့ အများကြီး သေကြတယ်၊ ဒဏ်ရာရကြတယ်” ဟု နောက်ထပ် ကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကာ ဆေးကုသနေရပြီး ဒဏ်ရာ ပြင်းထန်သူများရှိသည့်အတွက် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ဖွယ်ရှိသည်ဟုလည်း ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုသည်။

မတ်လ ၁၈ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် (၂၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ (၂၉) ဦးအထိ ရှိခဲ့သည်ဟု သိရသည်။
ရခိုင်တွင် စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် ရှုံးမဲမဲကာ ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားရာ မြို့နယ်များဖြစ်သည့် ပေါက်တော၊ မင်းပြား၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို ယခုရက်ပိုင်းအတွင်း ဂျက်တိုက်လေယာဥ်များဖြင့် ဗုံးကြဲခြင်းများကြောင့် ယခု မတ်လ တတိပတ် အတွင်းမှာပင် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကာ ဒဏ်ရာရသူမှာလည်း ၅၀ ဦးခန့် ရှိနေပြီဖြစ်သည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!