စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီက စစ်တွေမြို့တွင် မွတ်ဆလင်များအား AA အလိုမရှိကြောင်း ဖိအားပေးဆန္ဒပြခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

အေးမြတ်ခိုင်/နိရဥ္စရာ၊ မတ်လ ၂၂/၂၀၂၄

ရခိုင်ပြည်မြို့တော် စစ်တွေတွင်  မွတ်ဆလင်များအား ရက္ခိုင့်တပ်တော်(AA) ကို အလိုမရှိကြောင်း ယမန်နေ့က ဆန္ဒပြခိုင်းခဲ့ပြီး ယနေ့တွင်လည်း ဆက်လက် ဆန္ဒပြရန်ဖိအားပေးထားကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက် နေ့လယ်ပိုင်းမှာ စစ်တွေမြို့ ၊အောင်မင်္ဂလာရပ်ကွက်တွင် လူအင်အား ၂၀ ခန့်က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ယနေ့ မတ်လ ၂၂ ရက်တွင် ထပ်မံဆန္ဒပြကြရန်အတွက်လည်း သဲချောင်း နှင့် ဓားပိုင်ရပ်ကွက်များမှ မွတ်ဆလင်များအား စစ်ကောင်စီက သဲချောင်းစခန်း ကော်မတီရုံး၌ အစည်းအဝေး ခေါ်ယူကာ ခြိမ်းခြောက်ခဲ့သည်ဟု စစ်တွေမြို့မှ မွတ်ဆလင် လူမှုရေးလှုပ်ရှားသူ တစ်ဦးက ပြောသည်။

"ကျနော်သိရသလောက် မနေ့က လူအင်အား ၂၀ လောက်ပါပဲ။ အဲ့ဒါတောင် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေပါ။ ဒီနေ့လည်း သဲချောင်း နဲ့ ဓားပိုင်ဖက်မှာ ဆန္ဒပြဖို့အတွက် ပြောထားပါတယ်။ မနေ့ကတည်းက ခြိမ်းခြောက်ထားတာပါ။ ငြင်းတော့ ငြင်းကြပေမယ့် သူတို့က ဆန္ဒပြရမယ်။ မပြရင် စစ်မှုထမ်းရမယ်။ သွားလာလို့မရအောင် တင်းကျပ်ပစ်မယ်။ ဗီနိုင်းတွေတော့ သူတို့ပေးမယ်လို့ ပြောတယ်"ဟု ပြောသည်။

ဆန္ဒပြသူများက "စစ်တွေမြို့ကို ကာကွယ်ကြ"၊ "ပြည်တွင်းစစ်ကို အလိုမရှိ" ၊ "AA သောင်းကျန်းသူ အဖွဲ့ အလိုမရှိ"စသည်ဖြင့် ရေးသားထားသည့် ကဒ်ထူများကို ကိုဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ယမန်နေ့က ဆန္ဒပြုမှုနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံသတင်းဌာနများနှင့် လော်ဘီချန်နယ်များတွင်မူ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သန်တော်လီရပ်ကွက်တို့မှ ရာနှင့်ချီသောမွတ်ဆလင်များက ဆန္ဒပြခဲ့ကြကြောင်း ဖော်ပြကြသည်။

"ဒါကတော့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နောက်ဆုံးထွက်ပေါက်ပဲ။ ဒီအကွက်ထဲမှာ ရခိုင်ပြည်မှာ နေတဲ့လူတွေအားလုံးမဝင်ဖို့လိုပါတယ်။ ပြောရရင် ဒါတွေဟာ လူတစ်ယောက်၊ လူတစ်စုကြောင့်ဖြစ်နေတာ ဖြစ်တယ်။ နောက်ပြီး အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ဟာလည်း တပ်တော်ဘက်က ရပ်တည်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး"ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ ရခိုင်တွင် မွတ်ဆလင်များဆန္ဒပြခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေမှာ စစ်ကောင်စီကလုပ်ခိုင်းသည့်ဆန္ဒပြပွဲသာဖြစ်ကြောင်း AA ပြောခွင့်ရသူဦးခိုင်သုခက ပြောသည်။

"တဖက်မှာ ဒီမတည်ငြိမ်မှုကိုအခွင်းကောင်းယူပြီးတော့ စစ်ကောင်စီနှင့်ပေါင်းလုပ်စားတာ၊ ကိုယ်ကျိုးရှာ ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့ လူပုဂ္ဂိုလ်နှင့်နိုင်ငံတချို့လဲရှိနေပါတယ်။ ဒါဟာ အထူးသတိထားရမဲ့ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ ULA/AA အနေနှင့်ကတော့ လက်ရှိဖြစ်ပေါ် တိုးတက်မှုတွေအားလုံးကို သေသေချာချာစောင့်ကြည့်နေပါတယ်၊ လိုအပ်သင့်တော်သလို တုံ့ပြန်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"ဟု ပြောသည်။

မတ်လ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့ပေါ်မှာ လှည့်လည်ကာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်း မွတ်ဆလင်များက ဆန္ဒပြခဲ့ကြသည်။

ယင်းအပြင် ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွါးခဲ့သည့် လုယက်မှုများတွင် စစ်ကောင်စီတပ်နှင့်အတူ စစ်ဝတ်စုံများဖြင့် မွတ်ဆလင် တချို့ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီနှင့် AA တို့ဖြစ်ပွါးနေသည့် မြေပြင်တိုက်ပွဲများတွင်လည်း စစ်ကောင်စီက ရက်တို စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များကို အသုံးပြုခဲ့ကြောင်း AA ထုတ်ပြန်ထားချက်များအရ သိရသည်။ 

(ပုံစာ- စစ်တွေတွင် ဆန္ဒပြသည့် မွတ်ဆလင်များ/ ဓာတ်ပုံ- MRTV)

ဆက်စပ် သတင်းများ