စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်တွင် စစ်မှုထမ်းမည့်သူများစာရင်း ကောက်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ ငြင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(မာန်အောင်တွင် စစ်အင်အားဖြည့်တင်း)

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မတ် ၂၂/ ၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့တွင် စစ်ကောင်စီမှ ခိုင်းထားသည့် စစ်မှုထမ်းမည့် ပြည်သူများစာရင်းကို ကောက်ခံပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက ငြင်းဆိုထားကြောင်း သတင်းရရှိသည်။

မာန်အောင်မြို့တွင် စစ်မှုထမ်းရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှုးများကို ရပ်ကွက်အတွင်းရှိ စစ်မှုထမ်း ဥပဒေနှင့်ညီသည့် လူငယ်နှင့်လူလတ်ပိုင်းအရွယ်များ စာရင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ထံသို့ မတ်လ ၁၆ ရက်နေ့က အပြီးတင်ခိုင်းထားသော်လည်း အုပ်ချုပ်ရေးမှူးအားလုံးက မလုပ်နိုင်ကြောင်း ငြင်းဆိုထားသည်ဟု မာန်အောင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကပြောပါတယ်  ဒီစစ်မှုထမ်းဖို့ ကိစ္စနဲ့ပက်သက်ပြီး ကျနော်တို့ မဖြစ်မနေလုပ်ပေးရမယ် ဆက်လုပ်ရမယ်ဆိုရင် ကျနော်တို့ အုပ်ချုပ်မှူးမလုပ်နိုင် တော့ဘူးဆိုပြီး ထွေအုပ်ကို သွားပြောထားပါတယ်ဟုပြောသည်။

စစ်မှုထမ်းဆောင်ရမည့် ကိစ္စကြောင့် မာန်အောင်တစ်ကျွန်းလုံးရှိ လူငယ်နှင့်လူလတ်ပိုင်း အရွယ်များသည် စိုးရိမ်ပြီး တိမ်းရှောင်နေကြရသည်ဟု ၄င်းကပြောသည်။

ကျနော်တို့က လူငယ်တွေကို သိပ်မစိုးရိမ်ကြနဲ့လို့ပြောပြတယ်။ ဒါပေမယ့် သူတို့ အရမ်း စိုးရိမ်နေကြတော့ ကြောက်လန့်ပြီး ထွက်ပြေးနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်တာလည်း တစ်ဖက်က စိတ်ချရတာပေါ့နော် ဟုပြောသည်။

မာန်အောင်မြို့တွင် ယနေ့ မတ်လ ၂၂ ရက်နေ့အထိ စစ်မှုထမ်းမည့် စာရင်းမတင်မှုနှင့် ပက်သက်ပြီး စစ်ကောင်စီဖက်မှ တစုံတရာ အကြောင်းပြန်လာခြင်းမရှိသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

၎င်းပြင် မာန်အောင်မြို့သို့ စစ်သား ၁၀၀ ခန့်ကို ယမန်နေ့က နေဗီဖြင့် လာရောက်ပို့ဆောင်ခဲ့သည်ဟု မာန်အောင်မြို့နယ်မှ သက်ကြီးပိုင်းအရွယ် အမျိုးသား တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

မနေ့ကဆိုရင် နေဗီနဲ့ စစ်သား ၁၀၀ နီးပါးရောက်တယ်။ နေဗီကစစ်သားတွေကို  ပလ္လင်ရွာနဲ့ ကုန်တန်းက စက်လှေတွေနဲ့ သွားခေါ်ပြီး မြို့ဘက်ကို ပို့ဆောင်ခဲ့ရတယ် ဟုပြောသည်။

ယင်းအပြင် မာန်အောင်မြို့ရှိကျေးရွာများတွင် ကတုတ်ကျင်းများမတူးကြဖို့ကိုလည် ဌာနဆိုင်ရာများက ညွန်ကြားထားပြီး စစ်အင်အားများလည်း ဖြည့်တင်းလျက်ရှိသည်ဟု ၎င်းက ပြောဆိုသည်။

ဗုံးခိုကျင်းတွေတော့ တစ်ချို့ရွာတွေမှာ တူးထားတာတွေရှိတယ်ပေါ့နော်။ ဗုံးခိုကျင်းက တူးလို့ရတယ် ပြောတယ်။ကတုတ်ကျင်းတွေ မတူးနဲ့တဲ့ စစ်တပ်ကမှာထားတယ်ဟု ၎င်းက ပြောသည်။

မာန်အောင်ကျွန်းတွင် ကျေးရွာအုပ်စု ၄၁ အုပ်စုရှိပြီး ရွာပေါင်း ၁၄၀ နီးပါးအထိရှိပြီး စစ်သင်တန်း တစ်ခေါက်ခေါ်လျှင် မာန်အောင် တစ်ကျွန်းလုံးမှ ၁၅ ယောက်ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ