သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

သံတွဲအကျဥ်းထောင်အနီး မီးလောင်မှုဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 877

စိုးစံအောင် ၊ နိရဥ္စရာ ၊ မတ် ၂၃ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့၊ အကျဉ်းထောင်အနီး ယနေ့မတ်လ ၂၃ ရက်မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားနေကြောင်း မျက်မြင်မြို့ခံများကပြောသည်။

ယနေ့မနက် ၁၀ နာရီ၊ ၄၅ မိနစ်အချိန်ကသံတွဲအကျဥ်းထောင်နှင့် သံတွဲစာတိုက်တို့အနီးတည်ရှိသည့် ပန်းပဲဖိုလုပ်ငန်းအိမ်မှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သံတွဲမြို့ခံလူငယ်တစ်ဦးကပြောသည်။

" မီးလောင်တဲ့နေရာက သံတွဲအကျဥ်းထောင်နဲ့လည်းနီးတယ်။ စာတိုက်ရှေ့ဘက်ကျတယ်။ လမ်းကြားလေးထဲမှာ။ ပန်းပဲဖိုအိမ်ကမီးလောင်တာလို့သိရတယ်" ဟု သူက​ပြောသည်။

နောက်ထပ်သံတွဲမြို့ခံအမျိုးသမီးငယ်တစ်ဦးကလည်း" ထောင်နားက မီးလောင်နေတာ လှမ်းမြင်ရတယ်။ မီးခိုးလုံးကြီးတွေတက်နေတာ" ဟု နိရဉ္စရာသို့ပြောသည်။

အဆိုပါမီးလောင်မှုအတွင်း နေအိမ် ၅ လုံးမီးထဲပါသွားပြီး နေအိမ်ပိုင်ရှင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးလည်း ရှာမတွေ့ဘဲဖြစ်နေကြောင်းမီးလောင်ရာသို့သွားရောက်ကြည့်ရှုခဲ့သည့်မြို့ခံတစ်ဦးကပြောသည်။

"မီးထဲမှာ ယောကျာ်းတစ်ယောက်၊မိန်းမတယောက်ပျောက်နေတယ်လို့သိရတယ်။အိမ်က ၅ လုံးလောက်ပါသွားပြီ" ဟု သူကပြောသည်။

မီးလောင်သည့်နေရာမှာ လမ်းသွယ်ကျဉ်းမြောင်းသည့်အတွက် မီးသတ်ကားမဝင်ရောက်နိုင်ဘဲရှိနေရာ လက်ရှိမနက် ဆယ့်တစ်နာရီအချိန်ထိမီးမငြိမ်းသေးကြောင်း သံတွဲမြို့ခံလူငယ်ကပြောသည်။

မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ သံတွဲခရိုင်မီးသတ်တပ်ဖွဲ့နှင့်အဆက်သွယ်ရရှိရန် နိရဥ္စရာသတင်းဌာနကကြိုးစားနေသည်။

ဆက်စပ် သတင်းများ