စိုးစံအောင် နိရဥ္စရာ၊ မတ် ၂၃ / ၂၀၂၄
ရခိုင်ပြည်၊ ဂွမြို့နယ်တွင် ပိုက်ဖောင်လုပ်သားက သတ်ဖြတ်ပြီး အလောင်းဖျောက်ထားသည့် ပိုက်ဖောင်ပိုင်ရှင်၏သားဖြစ်သူဆယ်ကျော်သက်အရွယ် လူငယ်အလောင်းကို တွေ့ရှိပြီဟုသတင်းရရှိသည်။
သတ်ဖြတ်ခံရသည့်ကလေးငယ်မှာ ဂွမြို့နယ်၊ကင်းပုံကျေးရွာမှ အသက် ၁၃နှစ်အရွယ် မောင်သားပုလေးဖြစ်ပြီးသတ်ဖြတ်အလောင်းဖျောက်ထားခဲ့သူမှာ ၄င်းဖခင်၏ ပိုက်ဖောင်တွင် အလုပ်လုပ်ရန်ခေါ်ထားသည့် ကိုဇေယျာဦးဆိုသူဖြစ်ကြောင်း သိ၇သည်။
သတ်ဖြတ်သူသည် အဆိုပါ လူငယ်အား အလောင်းဖျောက်ကာဆိုင်ကယ်နှင့် ပိုက်ဆံများ ကိုယူသွားခဲ့ပြီး လက်ရှိတွင် ထွက်ပြေးနေသည်ဟု ဆိုသည်။
မတ်လ ၂၁ ရက်၊ ညနေပိုင်းက မောင်သားပုကို ဇေယျာဦးဆိုသူနှင့်အတူ ဆပ်သွားကျေးရွာသို့အိုးခွက်ပန်းကန်များဝယ်ရန်ထည့်ပေးလိုက်ရာမှ ပြန်မရောက်ရှိဘဲပျောက်ဆုံးနေရာလမ်းတွင်သတ်ဖြတ်အလောင်းဖျောက်ထားသည်ကို ယနေ့ နံနက်ပိုင်းတွင်တွေ့ခဲ့ရကြောင်း ဂွမြို့မှ လူမှုရေးလုပ်ကိုင်နေသူများကပြောသည်။
" မိဘတွေက ဇေယျာဦးဆိုတဲ့သူနဲ့အတူ ကလေးကိုငွေငါးသောင်းပေးပြီး ဆပ်သွားဖက်မှာ အဝတ် အထည်တွေ၊အိုးခွက်ပန်းကန်တွေဝယ်ဖို့ထည့်ပေးလိုက်တာ။ဆိုင်ကယ်နဲ့သွားကြတာ။အဲဒီနေ့ကတည်းက ရွာကိုပြန်မရောက်လာဘဲ ပျောက်နေတာ။ ဒီနေ့မနက်မှာ ကလေးအလောင်းကို တွေ့တယ်" ဟု ဂွမြို့မှ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောသည်။
မောင်းသားပု၏အလောင်းကို ကမ်းသာသာကျေးရွာအနီးချောင်းပေါက်ထဲတွင်ယနေ့မတ်လ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီလောက်ကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။
အဆိုပါချောင်းကမ်းစပ်တွင် ကလေးငယ်၏ အလောင်းမှာမှောက်ခုံအနေအထားဖြင့်တွေ့ရပြီးအလောင်းအပေါ်မှ သစ်ရွက်များဖုံးအုပ်ထားကြောင်း ဂွမြို့မှလူမှုရေးလုပ်ကိုင်နေသူများကပြောသည်။
ကလေးငယ်၏ ညာဘက်လက်တွင်ဓားနှင့်ခုတ်ဖြတ်ခံထားရဟန်တူသည့်ပြတ်ရှဒဏ်ရာကိုလည်း အလောင်းထွက်ပေါ်လာသည့်ဗီဒီယိုဖိုင်ထဲတွင်တွေ့မြင်၇ကြောင်းပြောဆိုကြသည်။
ဇေယျာဦးဆိုသူမှာသံတွဲမြို့နယ်၊သွေးကျောက်ကျေးရွာဖက်မှဖြစ်ပြီး မကြာသေးမီရက်ပိုင်းကမှမောင်းသားပုဖခင်၏ကျော့ပိုက်ဖောင်တွင် အလုပ်လာတောင်း၍ အလုပ်ပေးထားသူဖြစ်ကြောင်းသိရှိ၇သည်။
" ဇေယျာဦးကသွေးကျောက်ဘက်ကလို့သိရတယ်။ ကလေးရဲ့မိဘတွေက ပိုက်ဖောင်ပိုင်ရှင်တွေ။ပိုက်ဖောင်မှာအလုပ်လာတောင်းလို့ သူ့ကိုအလုပ်လုပ်ဖို့ခေါ်ထားတာလို့ပြောတယ်။ အခု လူသတ်ပြီး ဆိုင်ကယ်နဲ့ငွေကို လုယူသားခဲ့တယ် " ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။
လက်ရှိ အဆိုပါချောင်းထဲမှကလေးငယ်၏အလောင်းကို သယ်ယူနိုင်ရန်စီစဥ်နေကြောင်းသိရှိ၇သည်။