Preview

ရခိုင်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေပြီ

မတ် ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :10414
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၂၃/ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီ၏အုပ်ချုပ်ရေး ယန္တရားပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ စစ်ကောင်စီထိန်းချုပ်ရာ မြို့တော် စစ်တွေတွင်တောင်မှ ဌာနဆိုင်ရာရုံးများ လည်ပတ်မှုမရှိတော့ဟု သတင်းရရှိသည်။

စစ်တွေမြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက “ အုပ်ချုပ်ရေး ယန္တရားက လည်ပတ်မှုမရှိတော့ဘူး။ ဝန်ထမ်း အများစုက စစ်ရေးပြင်းထန်လာတော့ ဌာနဆိုင်ရာ အလုပ်တွေကို စွန့်ခွာသွားကြတယ်။ တချို့က ခွင့်တင်ပြီးသွားကြသလို တချို့က ခွင့်မဲ့ပျက်ကွက်၊ ရုံးမတက်ဘဲ ပျက်ကွက်နေတာတွေက ပိုများနေတယ်။ စစ်တွေက အစိုးရရုံးတွေမှာ ဝန်ထမ်းတော်တော်များများ မရှိတော့ဘူး”ဟု ပြောဆိုသည်။

မြို့တော် စစ်တွေတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း  ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းမှ စ၍ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ ရုံးတက်သူမရှိတော့ဟု အမည်မဖော်လိုသည့် နောက်ထပ် စစ်တွေမြို့ခံ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ ရုံးတွေက တံခါးတွေတော့ဖွင့်ထားတယ်။ရုံးတက်မယ့် ဝန်ထမ်းသာမရှိတာ။ ဌာနဆိုင်ရာ အရာရှိတွေ ကိုယ်တိုင်ကလည်း ခွင့်မဲ့နဲ့ တောင် ပျက်ကွက်နေကြတာ။ ဒီတော့ အခုနောက်ပိုင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မြို့ပြင်ထွက်ခွင့်မပေးဘူး။ စစ်ကောင်စီက အကျပ်ကိုင်ထားတယ်”ဟုပြောသည်။

ဘူးသီးတောင်မြို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အစိုးရဘဏ်များပိတ်ထားသည့် အတွက် ဝန်ထမ်းများလစာမရသည့်အပြင် ဝန်ထမ်းများ တိုက်ပွဲရှောင်သွားကြခြင်းကြောင့် ဌာနဆိုင်ရာရုံးများတွင် လုပ်ငန်းများရပ်တန့်သွားသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

“ ဘဏ်လည်းပိတ်ထားတာကြာပြီ။ မြို့နယ် မယက ဥက္ကဋ္ဌ လည်းမရှိတော့ဘူး။ လုပ်ငန်း လည်ပတ်မှုလည်း မရှိတော့ဘူး။ ဝန်ထမ်းတွေလည်း လစာမရဘူး။ဖေဖော်ဝါရီလကုန်ထိ ဝန်ထမ်းတွေနဲ့ လည်ပတ်ခဲ့သေးတယ်။ ဒီလ မတ်လကနေစပြီး ဘယ်သူမှမရှိတော့ဘူး မြို့ပေါ်မှာ “ ဟုပြောသည်။

မောင်တောမြို့တွင်လည်း အဓိကအရေးပါသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ချို့သာ ရုံးတက်ပြီး ကျန်ဝန်ထမ်းများမှာ ရုံးမတက်တော့၍ စစ်ကောင်စီ ယန္တရား လည်ပတ်မှုမရှိတော့ဟု မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ တစ်ပတ်မှာ တစ်ရက်လောက်ပဲ တက်ကြတာများတယ်။ ဌာနဆိုင်ရာရုံးအတော်များများပိတ်ထားကြပြီ။ အခုအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကလည်း အန္တရာယ်ကြားထဲက လုပ်နေကြ၇တာ “ ဟုပြောသည်။

ရက္ခိုင့်တပ်တော်သိမ်းပိုက်ထားသည့် ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊မြောက်ဦး၊ မြေပုံနှင့် ရမ်းဗြဲတို့တွင်လည်း စစ်ကောင်စီရုံးများ လည်ပတ်မှု လုံး၀ မရှိတော့သကဲ့သို့ တိုက်ပွဲဖြစ်နေဆဲဖြစ်သည့် စစ်တွေ၊ဘူးသီးတောင်၊မောင်တော၊ ကျောက်ဖြူ၊တောင်ကုတ် မြို့တို့တွင်လည်း အစိုးရုံးအနည်းအကျဥ်းသာ လည်ပတ်လျက်ရှိတော့သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင် မြို့နယ်အများအပြားကို လက်လွှတ်ဆုံးရှုံးနေရပြီး စစ်တွေ၊ ကျောက်ဖြူစသည့် မြို့ကြီးများကိုလည်း မကြာခင် ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်တော့မည်ဟု  သတင်းများ ထွက်ပေါ်နေပြီး အဆိုပါ မြို့ကြီးများ၏ အစိုးရရုံးများတွင် လူသူကင်းမဲ့လျက်ရှိနေကြောင်း သတင်းရရှိသည်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.