တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ရုတ်တရက်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

ချစ်အိလှိုင်/သဉ္ဇာနွယ်၊ နိရဉ္စရာ၊  မတ် ၂၄/ ၂၀၂၄

ရခိုင်ပြည်နယ် စစ်ကောင်စီ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းသည် ယနေ့ နံနက်က စစ်တွေဆေးရုံကြီးတွင်  နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးသန်းထွန်းသည် ယနေ့နံနက် ၆နာရီခွဲခန့်က မိမိနေအိမ်တွင် လမ်းလျှောက်နေစဉ် ရုတ်တရတ် နှလုံးအမောဖောက်ကာ လဲကျသွား၍   စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူ‌ နေစဉ် ယနေ့ နံနက် ၇နာရီ ၁၀မိနစ်ခန့်တွင်  ကွယ်လွန်သွားခဲ့သည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

"  အိမ်မှာလမ်းလျှောက်နေရင်း ရုတ်တရက်လဲကျသွားတယ်။ ဆေးရုံကိုပို့ပြီး နောက်ထပ် မိနစ် ၂၀လောက်အကြာမှာဆုံးတာပါ။ အရင်က နှလုံးသွေးကြော ပိတ်ဆို့ဖူးလို့ ဆေးကုသမှုခံယူဖူးတယ် " ဟုပြောသည်။

သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း(ခ) ကျားချေသည် အသက် (၆၇)နှစ်ရှိပြီး စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်တွင်နေထိုင်သူဖြစ်သည်။

ဦးသန်းထွန်းသည် စစ်တွေမြို့မှ ထင်ပေါ်ကျော်ကြားသည့် တက္ကသိုလ်ဝင်တန်း သင်္ချာ ဆရာတစ်ဦး ဖြစ်ပြီး စစ်တွေအထက(၄)ကျောင်း၏ အပူဇော်ခံဆရာတစ်ဦးလည်းဖြစ်သည်။

ယင်းအပြင် စစ်တွေအပါအဝင် ရခိုင်ရှိ လူမှုရေးလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ဆောင်ခဲ့သည့် ပရဟိတသမားတစ်ဦးလည်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် ဦးသန်းထွန်းကို ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ၏အဖွဲ့ဝင် (၃)အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။

ယင်းနောက် ရခိုင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက်တွင် နစကကောင်စီက တာဝန်ပြောင်းလဲခန့်အပ်ခဲ့သည်။ 

 

--------

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!