အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် Grade-12 စာမေးပွဲဖြေဆိုပြီး၍ အိမ်ပြန်ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၄ ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.9k

စိုးစံအောင် ၊ နိရဥ္စရာ၊ မတ် ၂၄ / ၂၀၂၄

နယ်မှ ကျောင်းသား ကျောင်းသူများကို ကျောက်ဖြူမြို့တွင် Grade-12 စာမေးပွဲဖြေဆိုခွင့်ပြုပြီး စာမေးပွဲပြီးသောအခါ  မိမိရပ်ရွာသို့ ပြန်ခွင့်မရသဖြင့် ညအချိန် စက်လှေဖြင့် ပြန်ကြသည့်  ကျောင်းသား/သူများနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၄ ဦးကို ယမန်နေ့မတ်လ ၂၃ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ Grade-12 ကျောင်းသားများဖြစ်သည့် ရွှေညိုမကျေးရွာမှ မနှင်းအိနွယ်၊ မောင်မျိုးမင်းဆွေ၊ မောင်ဇော်မျိုးနိုင်၊ မမိုးသက်နွယ်၊ မယုဝါလှိုင်၊ ချောင်းကြီးဖျားကျေးရွာမှ မခင်စုလှိုင်၊ မခင်သူဇာမိုး၊ မောင်မင်းထက်နိုင်၊ ဒေါ်မြယေနှင့် သူ၏ကလေးငယ်နှစ်ဦး၊ဒေါ်မရွှေဝါ၊ ဒေါ်သန်းမေနှင့် ဟွန်ဒါစက်လှေပိုင်ရှင် ဦးခင်ကျော်သန်းတို့ဖြစ်သည်။

၄င်းတို့မှာ ကျောင်းသားများစာမေးပွဲဖြေဆိုပြီးစီး၍ ယမန်နေ့ မတ်လ ၂၃ ရက် ၊ ညအချိန်က ဟွန်ဒါစက်လှေတစင်းနှင့် မရဇိုင်းတိုက်နယ်ဘက်သို့ အပြန်တွင် ပြင်ဖြူမော်ရပ်ကွက်နှင့် မီးလောင်ကွင်းအစတွင် ခလရ ၃၄ တပ်ရင်းမှ အင်အား ၂၀ ကျော်က သေနတ်ပစ်ဖောက်ကာ ကားကြီးတစ်စီးဖြင့် ဖမ်းဆီး တင်ဆောင်ခေါ်ယူသွားကြောင်း ကျောက်ဖြူမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

" ကျောင်းသားတွေစာမေးပွဲပြီးလို့ သူတို့ရပ်ရွာဘက်ကိုဟွန်ဒါစက်လှေနဲ့ပြန်ကြတာ။ သွားလာခွင့်ပိတ်ထားတော့ ညအချိန် အိမ်ပြန်ကြတာမှာ  စစ်တပ်ကအဲဒါကို လာဖမ်းသွားတယ်။ ကလေးငယ်လေးနှစ်ယောက်လည်းပါတယ်။ ကျောင်းသားက ရှစ်ယောက်။ လူကြီးကလေးယောက်။ကျောင်းသားတွေ ဒေသခံတွေကိုယ့်ရွာကိုယ်ပြန်တာကိုတောင် စစ်တပ်ကဖမ်းဆီးတာကတော့ အတော်လွန်နေပြီ" ဟု ပြောသည်။

အဆိုပါဒေသခံများကို ခလရ ၃၄ တပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးဦးက ဦးဆောင် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားရာမြို့များတွင် စစ်မှုထမ်းအတင်းအကျပ် စုဆောင်းမှုများလည်းရှိနေ၍ ဖမ်းဆီးသွားသည့် ကျောင်းသားလူငယ်များကို စစ်တပ်ထဲ အတင်းအဓမ္မ ထည့်ပစ်မည်ကို စိုးရိမ်မိကြောင်း ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင်  သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ထား၍ Grade 12 စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများမှာ  မိမိနေရပ်သို့ ပြန်ရန် အခက်ကြုံတွေ့နေကြရပြီး အနည်းဆုံးကျောင်းသား ကျောင်းသူ ၁၀၀ ခန့် မှာ မြို့ပေါ်တွင် သောင်တင်နေကြသည်ဟု သိရသည်။ 

မတ်လ ၂၁ ရက်ကလည်း ကုလာဘာကျေးရွာမှ အနီးအနားတောင်များသို့ ဟင်းရှာသွားသည့် ဒေသခံအမျိုးသား ၄ ဦးကို စစ်တပ်ကဖမ်းဆီးသွားပြီး တစ်ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သုံးဦးနှင့်မိသားစုများမှာ လက်ရှိအချိန်ထိအဆက်သွယ်မရကြသေး၍ အထူး စိုးရိမ်ပူပန်နေကြသည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ