စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြေပုံ ကမ်းထောင်းကြီးဆေးရုံကို စစ်ကောင်စီဗုံးလာကြဲ၍ သူနာပြုအကူအမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးရုံတစ်ဆောင်လုံးပြိုပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(စစ်ကောင်စီတပ်မတော်နေ့ မတိုင်မီ ရက်ပိုင်းအလို အရပ်သားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုပိုများလာ)

သဉ္ဇာနွယ်၊ နိရဉ္စရာ ၂၄/ ၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ဆေးရုံကို စစ်ကောင်စီဗုံးလာကြဲ၍ သူနာပြုအကူ အမျိုးသမီး တစ်ဦးပြင်ထန်းဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ကမ်းထောင်းကြီးမြို့နယ်၊ တိုက်နယ်ဆေးရုံ ကို ယနေ့မတ်လ ၂၄ရက်နေ့ နံနက် ၄နာရီအချိန်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် ဆေးရုံတွင် အကူလုပ်နေသည့် အမျိုးသမီးဝန်ထမ်း တစ်ဦး ဦးခေါင်း တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု ကမ်းထောင်းကြီးကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဂျက်ဖိုက်တာနဲ့ ၂ခေါက်လာပစ်တာ လက်နက်ကြီးကျည် ငါးလုံးခြောက်လုံးကျတယ်ဆေးရုံမှာ။ ဆေးရုံမှာ အကူလုပ်တဲ့ သူနာပြုတစ်ယောက်မှာ ခေါင်းမှာပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ ပြောရရင်တစ်ကိုယ်လုံးပဲ။ အသက်တောင် ရှင်ပါ့မလားမသိဘူး။ တခြား ဆေးရုံမှာရှိတဲ့ လူနာတွေတော့ ကံကောင်းသွားတယ် "  ဟုပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဆေးရုံ၏ အမျိုးသား လူနာ အဆောင်၊ အမျိုးသမီးလူနာ အဆောင်၊ မွေးဖွားခန်း အဆောင်များအားလုံးပြိုပျက်သွားသည်ဟု ၎င်းကပြောသည်။

" ဆေးရုံက ၂၅ ခုတင်ဆံ့ဆေးရုံပါ အကုန်ပြိုပျက်သွားတယ်။ ဆေးရုံမှာရှိတဲ့အဆောင်တွေ။ အခု မနက် ၁၀နာရီထိ ဂျက်လေယာဉ်ဝဲပျံတုန်းပါ " ဟုပြောသည်။

ဒဏ်ရာရရှိသည့်အမျိုးသမီးမှာ ဒေါ်ဝါဝါ အသက် ၄၀ ကျော် ခန့်ရှိပြီး   ကရင်ပြည်နယ်ဖက်မှဖြစ်ပြီး ကမ်းထောင်းကြီးတွင် ဆေးရုံဝန်ထမ်းအဖြစ်  အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ဒေသခံများကပြောသည်။

ကမ်းထောင်းကြီးမြို့တွင် အိမ်ခြေ ၃၀၀၀ကျော်အထိရှိကြောင်းသိရသည်။

စစ်ကောင်စီသည် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၎င်းတို့၏ တပ်မတော်နေ့ မရောက်မီ ရခိုင်တွင် ဗုံးကြဲမှုကို ပိုမိုလုပ်ဆောင်လာနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ