(ဂုပ္ပီစခန်းမှထွက်ပြေးသူ ရန်သူ၁၂ ဦးအား သုတ်သင်ရှင်းလင်းပြီး နောက်ထပ်၁၀ ကျော် ဒဏ်ရာရရှိသွားခဲ့ဟုဆို)
နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၄
ရခိုင်ပြည်၊ ဘူးသီးတောင် အခြေစိုက် ခမ၇(၅၅၂) တပ်ရင်းတစ်ခုလုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA)က ထိုးစစ်အရှိန်အဟုန်မြှင့်တိုက်ခိုက်လျက်ရှိနေပြီး ဂုပ္ပီစခန်းမှ ထွက်ပြေးသူ ရန်သူ ၁၂ ဦးအားလည်း သုတ်သင်ရှင်းလင်းခဲ့ကာ နောက်ထပ်၁၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်ဟု ယမန်နေ့ တိုက်ပွဲ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သတင်းထုတ်ပြန်ချက်အထဲတွင် “ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၂၄) ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ခမ၇ (၅၅၂) တပ်ရင်းအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီးစခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့်တိုက်ခိုက်လျက်ရှိကြောင်း၊ ဂုပ္ပီစခန်းမှထွက်ပြေးလာကြသော ရန်သူများအား ရက္ခိုင့်တပ်တော်၏ ပိတ်ဆို့ဖြတ်တောက်ရေးတပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစတင်ပြီးလိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်၊အနောက်ပြင် ( ရွာပျက်) ၏ မီတာ (၃၀၀) ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသောရန်သူများထဲမှ ရန်သူ (၁၂) ဦးအား သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ရန်သူ့ဘက်မှ နောက်ထပ် (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးရန်သူ့လက်နက်ခဲယမ်းအချို့အား သိမ်းဆည်း ၇မိခဲ့ကြောင်း”ဖော်ပြထားသည်။
၎င်းပြင် ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားရှိ ၎င်းတို့၏ တပ်စခန်းများအား တစ်ခုပြီးတစ်ခုလက်လွှတ်ဆုံးရှုံးနေရသောကြောင့် အပြစ်မဲ့ ပြည်သူလူထုအပါအဝင် အရပ်ဘက်ပစ်မှတ်၊စစ်ပွဲနှင့်မသက်ဆိုင်သော ပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ပြီးစစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိကြောင်း၊ ရက္ခိုင့်တပ်တော်အနေဖြင့်မိမိတို့ပြည်သူလူထုများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအားထိုက်သင့်သော တုံ့ပြန်တိုက်ခိုက်မှုများဖြင့် လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေး (ရက္ခိုင့်တပ်တော်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။