တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် ကျေးရွာအချို့မှ ရွာသားများကို စစ်ကောင်စီကမောင်းထုတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

သဉ္စာနွယ်၊ နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၄

 ရခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တစ်မိုင်ခွဲခန့် အကွာအဝေးတွင် တည်ရှိသည့် ကျေးရွာများမှ ရွာသားများကို စစ်ကောင်စီက မောင်းထုတ်နေသည်ဟု ကျေးရွာသားများက ပြောသည်။

အမ်းမြို့နှင့် ၁မိုင်ခွဲ ကွာဝေးသည့် နတ်တောင်တွင် ယမန်နေ့  မတ်လ ၂၄ ရက်နေ့ နေ့လယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီအင်အား ၅၀ကျော်  စစ်ကြောင်းထိုးပြီး တစ်ဖက်သတ် ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

အနီးအနားမှ တောင်တန်းများနှင့် လုံးရွာကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသည်ဟု အမ်းဒေသခံ တစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

နတ်တောင်နှင့်နီးသည့် ကျေးရွာမှ ရွာသူရွာသားများနှင့် ဥယျာဉ်လုပ်သားများကိုလည်း ရွာတွင် မနေကြရန် စစ်ကောင်စီမှ နှင်ထုတ်သည်ဟု အမ်းဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“  အဲ့ဒီ စစ်သား ၅၀ ကျော်က ပြောင်သေကျေးရွာက ကျေးရွာသားတွေအကုန်လုံးကို ဒီရွာမှာ မနေကြနဲ့ဆိုပြီး နှင်ထုတ်တယ်။  အိမ်ခြေ ၁၅၀ လောက်ရှိတယ်။ အဲ့ဒီရွာနားက ဥယျာဥ်လုပ်သားတွေကိုလည်း မနေ့က ညနေကနှင်ထုတ်တယ်” ဟုပြောသည်။

စစ်ကောင်စီသည် အဆိုပါ ကျေးရွာအနီးရှိ တောင်တန်းများကို ဂျက်တိုက်လေယာဉ်များဖြင့်  လေကြောင်းကနေ တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။

“ သူတို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အမ်းအခြေစိုက်တပ်ရင်းတွေကနေလာတဲ့ စစ်သားတွေ။အယောက် ၅၀ ကျော်လောက်ရှိမယ်။ အဲ့ဒီကနေလာပြီးတော့ နတ်တောင်ပေါ်မှာ နေရာယူပြီး  စစ်သားတွေက တောင်တန်းတွေနဲ့ လုံးရွာကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်တယ်။ လေယာဥ်နဲ့လည်း ဗုံးကြဲတယ်။ တိုက်ပွဲကတော့ တပ်တော်နဲ့ ကြားဖြတ် ဖြစ်ပုံရတယ်” ဟုပြောသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီကနေစပြီး တမိုင်ကုန်းနှင့် နတ်တောင်ကုန်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို နံနက် ၉နာရီခွဲထိကြားနေရသည်ဟု အမ်းဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ ဒီနေ့မနက်ကလည်း တစ်မိုင်ကုန်းနဲ့နတ်တောင်ဖက်က လက်နက်ကြီး၊လက်နက်ငယ်တွေပစ်နေတယ်။ အခု ၉ နာရီခွဲထိပစ်နေတုန်း “ ဟုပြောသည်။

လက်ရှိတွင် အမ်းမြို့ပေါ်ရပ်ကွက်ကပြည်သူများနှင့် မြို့နှင့်နီးစပ်သည့် ကျေးရွာများဖြစ်သည့် လုံးရွာ၊ စခန်းမော်၊ ပြောင်းခြောက်၊ တိုက်မော်နှင့် ပဲပဒုံစသည့် ကျေးရွာများမှဒေသခံများမှ တိုက်ပွဲများ ဖြစ်လာမည်ကို အထူး စိုးရိမ်နေကြကြောင်းသိရသည်။

ဆက်စပ် သတင်းများ