Preview

အမ်းမြို့နယ်တွင် Mi 35 နှစ်စင်းဖြင့်လာရောက်ပစ်ခတ်နေ

မတ် ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :2015
ရခိုင် သတင်း

စိုးစံအောင်၊ နိရဥ္စရာ၊ မတ် ၂၅ / ၂၀၂၄

ယမန်နေ့ကစစ်ကြောင်းထိုးပြီး ပြောင်သေကျေးရွာအနီးဝန်းကျင်နေရာများသို့ စစ်ကောင်စီကတိုက်ခိုက်ရေးလေယာဥ်Mi 35 ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်ကလည်းMi 35 နှစ်စင်းဖြင့် လာရောက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

"Mi-35 လေယာဥ်နဲ့မနေ့ကမွန်းလွဲပိုင်းမှာ အဲဒီပြောင်သေအနီးတဝိုက်ကိုပစ်တယ်။ ဒီနေ့အခု၁၂ နာရီမခွဲခင်မှာလည်း Mi 35 နှစ်စီးနဲ့လာပစ်သွားတယ်။အမ်းမြို့ပေါ်တပ်ရင်းတွေနဲ့ တစ်မိုင်ကုန်းဘက်က လက်နက်ကြီးပစ်နေတာတော့ဆက်တိုက်ပဲ။ အခုလည်းပစ်နေတယ်" ဟု ယနေ့မွန်းလွဲ ၁၂နာရီခွဲကျော် အချိန်ဆက်သွယ်မေးမြန်းရာ သူကပြောသည်။

ပြောင်သေကျေးရွာသို့ပထမဆုံးစစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ခန့်မှာ စကခ(၅) အခြေစိုက်တောင်ကုတ်မြို့ ခမ၇ ၃၄၆ တပ်ရင်းမှဖြစ်ကြောင်း၊  စစ်ကောင်စီတပ်ဘက်က အင်အားထပ်ဖြည့်စစ်ကြောင်းထိုးနေကြောင်း၊ က်ရှိတွင် အင်အားအများအပြားဖြင့် ယင်းနေရာ ဝန်းကျင်တဝိုက် ရောက်ရှိနေကြောင်းနိရဥ္စရာ၏ သတင်းရင်းမြစ်က ပြောသည်။

၎င်းနေရာများသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်တစ်မိုင်ခွဲဝန်းကျင်တွင်တည်ရှိပြီး  ၎င်းကျေးရွာများအနီးစစ်ကောင်စီတပ်ကစစ်ကြောင်း ထိုးပြီး တိုက်ခိုက်ရေးလေယာဥ်များ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

" ပြောင်သေရွာနားကနတ်တောင်ကိုစစ်တပ်က စစ်ကြောင်းထိုးတာ။ ပထမဆုံး အင်အား ၅၀ လောက်က စစ်ကြောင်းထိုးလာတယ်။အဲဒီတဝိုက်ကို လေယာဥ်နဲ့ ပစ်တယ်။ တပ်ရင်းတွေက လက်နက်ကြီး ပစ်တယ်။လက်နက်ကြီးတွေကမနေ့ကတရက်လုံးနီးပါးပစ်တာ" ဟု အမ်းမြို့မှစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

အမ်းမြို့မှအမျိုးသမီးတစ်ဦးကလည်းယမန်နေ့ကပင် ယနေ့မနက်ပိုင်းအထိ အမ်းမြို့ပေါ်မှ လေယာဥ်များဝဲပျံကာ ပြောင်သေကျေးရွာဘက်သို့ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ မြို့ပေါ်တပ်ရင်းများကလည်းလက်နက်ကြီးဆက်တိုက်ပစ်ခတ်နေကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးနှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု အွန်လိုင်းလိုင်း မှုကွန်ရက်တွင်သတင်းများပျံ့နှံ့နေရာ ဒေသခံများကမူ စစ်တပ်ဘက်က  တဖက်သတ် စစ်ကြောင်း ထိုးပြီး လေယာဥ်၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုသာရှိကြောင်း၊ ထိတွေ့မှုအနည်းတော့ ရှိနိုင်ကြောင်း၊ နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားသည်ဟုမကြားမိသေးကြောင်းပြောဆိုကြသည်။

" အဲလိုနှစ်ဘက်တိုက်ပွဲပြင်းပြင်းထန်ထန်ကြီးဖြစ်နေတာမျိုးတော့ အခုထိမကြားမိသေးဘူးဗျ။ စစ်တပ်ဖက်က တဖက်သတ်ကြီးကိုရမ်းပစ်နေတာ"ဟု အမ်းမြို့မှစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ကစစ်တပ်ကစစ်ကြောင်းထိုးလာပြီး ပစ်ခတ်မှုများကြောင့် ပြောင်သေရွာသစ်နှင့်ရွာဟောင်း၊ ဂယ်လောင်းနှင့် လုံးကျေးရွာများမှ ဒေသခံများမှရွာမှထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိ၇သည်။ (ဓာတ်ပုံ- ပုံဟောင်း)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.