စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟုတ်လျှင်လည်း ရသလောက်နယ်မြေတွင် တတ်နိုင်သလောက် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 714

နွေနေ/ နိရဉ္စရာ၊ မတ် ၂၅/၂၀၂၄

မြန်မာစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟုတ်လျှင်လည်း ရသလောက်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု ရုရှား TASS သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားခဲ့သည်ဟု ရိုက်တာက သတင်းဖော်ပြသည်။

" နိုင်ငံအခြေအနေဟာ ငြိမ်းချမ်းပြီး တည်ငြိမ်နေမယ်ဆိုရင် ဥပဒေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ရင်တောင် ရသလောက်နယ်မြေမှာ တတ်နိုင်သလောက် ရွေးကောက်ပွဲ ကျင်းပဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း ရုရှား တာ့စ်သတင်းဌာန​၏ တွေ့ဆုံမေးမြန်းခန်းကို ကိုးကား၍ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းချိန်မှစ၍ ဒီမိုကရေစီ လိုလားသော လူငယ်များဦးဆောင်သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့​၏ စိန်ခေါ်မှုနှင့် အကြီးမားဆုံးရင်ဆိုင်နေရသည်။

စစ်ကောင်စီ​၏ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော လူငယ်များကို ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက်ပိုင်း လူငယ်များသည် စစ်တပ်ကို လက်နက်ကိုင်လှုပ်ရှားဖြင့် ပြန်လည်တော်လှန်ရန် ရွေးချယ်ခဲ့ကြသည်။

မြန်မာစစ်ကောင်စီသည် နိုင်ငံ​၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့ပြီး အဆိုပါဒေသတွင် စနစ်တကျ အစုအပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတည်ငြိမ်ရေး နှင့် ၎င်းကို ဆန့်ကျင်နေသည့် တော်လှန်ရေးအဖွဲများကို ချေမှုန်းရန်အကြောင်းပြချက်ဖြင့် အရေးပေါ်ပြဌာန်းချက်ဥပဒေကို ခြောက်လတစ်ကြိမ် ထပ်ခါထပ်ခါ သက်တမ်းတိုး၍ အာဏာကို ဆက်လက်ရယူထားခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအဖွဲ့များ​နှင့် ရင်ဆိုင်တိုက်ခိုက်နေရပြီး နယ်မြေအချို့ လက်လွှတ်ဆုံးရှုံးနေရကာ အဆိုပါဒေသများကို လက်နက်ကြီးများ၊ လေကြောင်းစစ်ကူများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေရသည်။

ကုလသမဂ္ဂ​၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မတည်ငြိမ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွါထွက်ပြေးနေရသူ ၂ ဒသမ ၃ သန်းရှိသွားပြီဟု သိရှိရသည်။

ဝေဖန်သုံးသပ်သူများနှင့် အနောက်နိုင်ငံများက စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်သည်ဟု ဆိုသည်။ ref:Reuters

ဆက်စပ် သတင်းများ