ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့်မာန်အောင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတစ်ချို့တွင် စစ်ကောင်စီ တပ်စွဲနေရာယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(စစ်ကောင်စီမှ မာန်အောင်ကျွန်းတွင် စစ်အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်မှုများ ကြိုတင် လုပ်ဆောင်နေ)

ဆောင်းဦးမာန်/နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် မာန်အောင်မြို့နယ်တွင် မာန်အောင်မြို့ခန်းမနှင့် ခအုံးမော်ကျေးရွာတွင် စစ်ကောင်စီ တပ်မှ အင်အားများချကာ  တပ်စွဲ နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

“မတ်လ ၁၉ ရက်နေ့က စစ်သား ၁၀၀ လောက် လာပို့တယ်။ ဇက်ရေယာဉ်နဲ့။  အဲဒီစစ်သားတွေထဲက တစ်ချို့က မြို့ခန်းမမှာ နေရာယူထားတယ်။ နောက်ထပ်စစ်သားတွေက ဆိုလာစက်ရုံ အနီးက  ခအုန်းမော် ရွာမှာ နေရာယူတယ်လို့ကြားရတယ်” ဟု မာန်အောင်ဒေသခံတစ်ယောက်က နိရဉ္စရာသတင်းဌာသို့ ပြောသည်။

မာန်အောင်မြို့ခန်းမအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးမှလည်း စစ်တပ်မှ နေရာယူထားကြောင်း နိရဉ္စရာကို အတည်ပြု ပြောဆိုသည်။

“စစ်သားတွေ ရှိနေတာမှန်တယ်။ ဘာကြောင့် ဝင်ရောက်နေရာယူတာတာတော့မသိရဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဆားချက်နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်သားများကိုလည်း မာန်အောင်မြို့သို့ ပို့ဆောင် အားဖြည့်ထားကြောင်း သိရသည်။၏

လက်ရှိ မြို့ခန်းမအတွင်း တပ်စွဲထားသော်လည်း လမ်းသွားလမ်းလာ ဒေသခံများကိုမူ စစ်ကောင်စီ တပ်သားများမှ တားဆီးစစ်ဆေးခြင်းမျိုး မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ဆိုလာစက်ရုံအနီးရှိ ခအုန်းမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားပြီး မတ်လ ၂၁ ရက်တွင် ကမောင်တောင် စစ်တပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း ခအုန်းမော်ကျေးရွာအား ဧည့်စာရင်းနှင့် အိမ်ထောင်စု စာရင်းများကို လာရောက်  စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ခအုန်းမော်ကျေးရွာသည် ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် ရမ်းဗြဲကျွန်း ရမ်းဗြဲမြို့နယ်နှင့် အနီးဆုံး ကျေးရွာတစ်ခုဖြစ်ပြီး မာန်အောင်မြို့သို့ ဝင်ထွက်နေသည် စက်လှေများအား စောင့်ကြည့်ရန် အဓိက အချက်အချာကျသည့် နေရာတစ်ခုလည်းဖြစ်သည်။

လက်ရှိ မာန်အောင်ကျွန်းတွင် ဗုံးခိုကျင်းတူးလျှင် အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီမှ ပြောဆိုထားသော်လည်း ခအုန်းမော်ကျေးရွာတွင်မူ ဗုံးခိုကျင်းများ တူးရန် စစ်ကောင်စီမှ ခွင့်ပြုထားကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ရမ်းဗြဲမြို့တိုက်ပွဲတွင် မာန်အောင် ရေတပ်မှ လက်နက်ကြီးပစ်ကူသံများကြားရသကဲ့သို့ ဆိုလာစက်ရုံရှိသည့် ခအုန်းမော်ရွာဘက်မှလည်း လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း ဒေခံများမှ ပြောဆိုကြသည်။

စစ်ကောင်စီသည် မာန်အောင်ကျွန်းအတွင်း ယခုရက်ပိုင်း သွားလာမှုများရှိသကဲ့သို့ အထင်ကရနေရာဖြစ်သည့်  မြေနီတောင်အားလည်း သွားရောက်လှုပ်ရှားခြင်းများလည်း ရှိကြောင်း သိရသည်။

မတ်လမှစတင်ပြီး  မာန်အောင်ကျွန်း မျှော်တော်ဦးရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများနှင့် ပြင်ကောက်ရွာအနီးရှိ ကမောင်တောင်တွင်တပ်စွဲထားသည့်  ခမရ  ၃၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများပူးပေါင်းကာ ခအုန်းမော်ကျေးရွာနှင့် ၄င်းကျေးရွာအနီးအနားများတွင် ကင်းပုန်း ဝပ်ခြင်း၊ ကျေးရွာများကို ဝင်ရောက်စစ်ဆေးခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု မာန်အောင်ဒေသခံများက ပြောဆိုကြသည်။

ဆက်စပ် သတင်းများ