စိုးစံအောင် ၊နိရဥ္စရာ၊ မတ် ၂၇ / ၂၀၂၄
ရခိုင်ပြည်၊ ဂွမြို့နယ်တွင် ပိုက်ဖောင်လုပ်ငန်းရှင်၏ သားဖြစ်သူ ဆယ်ကျော်သက်ကလေးငယ်ကိုသတ်ဖြတ်အလောင်းဖျောက်ထားခဲ့သည့် အမျိုးသားအား ယမန်နေ့က သံတွဲမြို့နယ်ထဲတွင် ဖမ်းဆီးမိခဲ့ကြောင်းသတင်းရရှိသည်။
ဂွမြို့နယ်၊ ကင်းပုံကျေးရွာမှ အသက်(၁၃)နှစ်အရွယ် မောင်သားပုလေးအား သတ်ဖြတ်ထားခဲ့သည့်ကိုဇေယျာဦးဆိုသူကို သံတွဲမြို့နယ်၊ရေစဥ်ကျေးရွာတွင် မတ်လ ၂၆ ရက်ကဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဂွမြို့မှလူမှုရေးလုပ်ကိုင်နေသူတစ်ဦးကပြောသည်။
" သူ့ကို(ဇေယျာဦး)ကိုသံတွဲမြို့နယ်၊ရေစဥ်ရွာဘက်မှာဖမ်းမိတယ်လို့သိရတယ်။ အဲဒီကရွာသားတွေက သတင်းပို့ပြီးတော့သံတွဲခရိုင်ကနေသွားဖမ်းကြတာလို့ပြောတယ်ဗျ" ဟု သူကပြောသည်။
ကိုဇေယျာဦးမှာ သံတွဲမြို့နယ် ပဒဲကောကျေးရွာဇာတိဖြစ်ပြီး မောင်သားပုလေးဖခင်၏ကျော့ပိုက်ဖောင်တွင် မကြာသေးမီရက်ပိုင်းကမှ အလုပ်လာတောင်း၍အလုပ်ပေးထားသူဖြစ်ကြောင်း သိ၇သည်။
မတ်လ ၂၁ ရက်၊ ညနေပိုင်းက မိဘများက မောင်သားပုကို ဇေယျာဦးဆိုသူနှင့်အတူဆပ်သွား ကျေးရွာသို့အိုးခွက်ပန်းကန်များဝယ်ရန်လွတ်လိုက်ရာမှ ပြန်မရောက်ရှိဘဲပျောက်ဆုံးနေရာလမ်းတွင်သတ်ဖြတ်အလောင်းဖျောက်ထားသည်ကို မတ်လ ၂၃ ရက် မနက်ပိုင်းတွင်တွေ့ရှိခဲ့သည်။
ကိုဇေယျာဦးသည် မောင်သားပုလေးကိုသတ်ဖြတ်ပြီး ဆိုင်ကယ်တစ်စီးနှင့် ငွေ၅၀၀၀၀ ကျပ်ကိုယူသွားခြင်းဖြစ်ကြောင်း သိ၇သည်။
" ယူသွားတဲ့ဆိုင်ကယ်ကိုတော့သူ့ရွာဖြစ်တဲ့ ပဒဲကောရွာမှာပဲ ပေါင်ထားခဲ့တယ်လို့သိရတယ်" ဟုဂွမြို့မှလူမှုရေးသမားတစ်ဦးကပြောသည်။
မောင်သားပု၏အလောင်းကို ကမ်းသာသာကျေးရွာအနီးချောင်းပေါက်ထဲတွင် မတ်လ ၂၃ရက်၊ မွန်းလွဲ ၁၂ နာရီလောက်ကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေးငယ်၏ အလောင်းမှာ မှောက်လျက်အနေအထားဖြင့် အလောင်းအပေါ်မှ သစ်ရွက်များဖုံးအုပ်ထားကြောင်းဂွမြို့မှလူမှုရေးလုပ်ကိုင်နေသူများကပြောသည်။
ကလေးငယ်၏ ညာဘက်လက်တွင်ဓားနှင့်ခုတ်ဖြတ်ခံထားရဟန်တူသည့် ပြတ်ရှဒဏ်ရာကို တွေ့ရှိ၇ကြောင်း ပြောဆိုကြသည်။