Preview

မောင်တောခရိုင်ဆေးရုံမှ ဆိုလာနှင့်ဆေးဝါးများကို ရဲများက ရောင်းစားဟုဆို

မတ် ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :1601
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မတ် ၂၇/ ၂၀၂၄

ပိတ်ထားရသည့်မောင်တောမြို့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆိုလာပြားများနှင့် ဆေးဝါးပစ္စည်းများကို ဆေးရုံတွင် အစောင့်ကျနေသည့်ရဲများက ရောင်းစားနေကြောင်းသတင်းများထွက်ပေါ်နေသည်

မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ဆိုလာပြားများနှင့်ဆေးဝါးများကို ဆေးရုံတွင် တပ်စွဲနေရာယူထားသည့် ရဲများက  မီးစက်လမ်းဆုံရှိ စီးပွားရေးသမားများကို ရောင်းစားနေသည်ဟု မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ ဆေးရုံထဲမှာ စစ်ကောင်စီက တာဝန်ပေးထားတဲ့ ရဲတွေ နေရာယူပြီးနေတာရှိတယ်။ ဆေးရုံမှာသုံးတဲ့ ဆိုလာပြားတွေရှိတယ်။ အဲ့ဒီဆိုလာပြားတွေကိုဖြုတ်ပြီး မွတ်ဆလင်ရွာတွေကို သွားရောင်းစားတယ်။ ဆေးရုံမှာကျန်နေတဲ့ ဆေးတချို့ကိုလည်း ရောင်းစားတယ် “ ဟုပြောသည်။

ယခု ရဲများက ရောင်းစားနေသည့် ဆေးဝါးများအပါအဝင် ဆေးပစ္စည်းကရိယာများကိုမတန်တဆ ဈေးနှုန်းများဖြင့် ရောင်းစားနေကြသည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

“ အခုကြားတာက ဆေးဝါးတွေသာမက သယ်ယူလို့ ရတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကအစ အကုန်ရောင်းနေကြတယ်လို့ ကြားရတယ်။ တချို့ကလည်း မတန်တဆ ဈေးနဲ့ရတော့ ဝယ်နေကြတယ်လို့ကြား၇ပါတယ်။ မျက်မြင်တော့ မဟုတ်ပါဘူး။ ဒီလိုတော့ သတင်းတွေ ထွက်နေပါတယ်”ဟု ပြောကြားသည်။

မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ပြီးခဲ့သည့် မတ်လ ၄ ရက်အတွင်းပိတ်သိမ်းခဲ့ပြီး  ဝန်ထမ်းများကို စစ်တွေသို့အတင်းစေလွှတ်ကာ ဆေးရုံအုပ်နှင့် သမားတော်တစ်ဦးကိုလည်း ဖမ်းဆီး၀ရမ်းထုတ်ထားကြောင်းသိ၇သည်။

မောင်တောမြို့အနီးတွင် တိုက်ပွဲပြင်းထန်လာပြီး ယမန်နေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက စစ်ကောင်စီ နေဗီမှ လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့၍ မောင်တောမြို့နယ် ဘက္ကာကျေးရွာအုပ်စု ကားလမ်းအနီးအနားက ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်မှုရှိခဲ့သည်ဟု ၄င်းကဆက်လက်ပြောသည်။

“ မနေ့က နေဗီကနေ မြို့အနီးနားတွေကို မနက်ပိုင်း တကြိမ်၊ ညနေပိုင်း တကြိမ်ပစ်ခဲ့တယ်။ ရွာဖက်တွေကို ကျည်တွေကျခဲ့တယ်။ ဘယ်နေရာမှကျလဲဆိုတာ အတိကျမသိ၇သေးဘူး။ ဒီနေ့မတ် ၂၇ ရက် မနက်ထိတော့ ငြိမ်နေပါတယ် ” ဟုပြောသည်။

မောင်တောမြို့နှင့်သိပ်မဝေးတော့သော ကြိမ်ချောင်း နယ်ခြားစောင့်စခန်းအထိ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားလာနေပြီးကျီးကန်ပြင် နယ်ခြားစောင့်ရဲ ဌာနချုပ်လည်း ခြိမ်းခြောက် ခံလာရသည့် အနေအထား ဖြစ်လာသဖြင့် စစ်ကောင်စီတပ်သည် မောင်တောမြို့ပေါ်ရှိ လူနေရပ်ကွက်များထဲသို့ ဝင်ရောက်နေရာယူ တပ်စွဲထားမှုများရှိကြောင်းသိ၇သည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.