စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တလုံးစခန်းမှ စစ်မှုထမ်းခိုင်းခံရသည့် မွတ်ဆလင်များထဲမှ ၅၀ ခန့်ကို ကျောက်ဖြူမြို့ ကင်းစခန်းများတွင် အစောင့်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

စိုးစံအောင် ၊ နိရဥ္စရာ၊ မတ် ၂၈ / ၂၀၂၄

စစ်ကောင်စီက အတင်းအဓမ္မခေါ်ဆောင်ပြီး စစ်သင်တန်းပေးခံရသည့် ကျောက်တလုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်များထဲမှ ၅၀ ဦးခန့်ကို လက်နက်များတပ်ဆင်ကာ ကျောက်ဖြူမြို့ဝန်းကျင်ရှိ  အထိုင်ချ ကင်းစခန်းများသို့ ပို့ဆောင်ကာ အစောင့်ချလိုက်ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်တဦးက  " ၅၄၂ တပ်ထဲကနေပြီးတော့ ငလပွေ့ဆိပ်ကမ်းကို ဆင်းလာတယ်။ ငလပွေ့ဆိပ်ကမ်းကို ကားသုံးစီးနဲ့ဆင်းလာတယ်။ နှစ်စီးမှာ မွတ်ဆလင် ၅၀ လောက်ပါတယ်။ နောက်တစ်စီးမှာကတော့ စစ်ကောင်စီတပ်ကစစ်သားတွေနှစ်ဆယ်လောက်ပါတယ်။ ရိက္ခာတွေနဲ့အတူ လက်နက်တွေတယောက်တလက်ကျစီတပ်ပေးပြီးပို့လိုက်တာ" ဟု နိရဥ္စရာသို့ပြောသည်။

၄င်းတို့ကို ယနေ့မတ်လ ၂၈ ရက်၊ မနက်ပိုင်းက စစ်ယူနီဖောင်းများဝတ်ခိုင်းပြီး သေနတ်များ တပ်ဆင်ပေးကာ ခမရ ၅၄၂ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်၏အစောင့်အကြပ်ဖြင့် င/လပွေ့ဆိပ်ကမ်းနှင့် ပြင်ဖြူမော်ရပ်ကွက်တို့ကို ပို့ဆောင်ခဲ့ကြောင်း ဒေသခံမျက်မြင်များက ပြောသည်။

အဆိုပါမွတ်ဆလင်များအား ပြင်ဖြူမော် ၊င /လပွေ့ရပ်ကွက်များရှိ စစ်ကောင်စီ ဘန်ကာအထိုင်ချထားသည့် ကင်းစခန်းများတွင် အစောင့်အကြပ်ချလိုက်ခြင်းဖြစ်ကြောင်း သူကပြောသည်။

" ပြင်ဖြူမော်နဲ့ ငလပွေ့ရပ်ကွက်တွေက စကစဘန်ကာအထိုင်ချစခန်းတွေကို ဖြည့်လိုက်တာ။ သူတို့မွတ်ဆလင်တွေကို ကြီးကြပ်မယ့်စစ်သားတွေလည်းပါတာပေါ့ " ဟု ပြောသည်။

ကျောက်တလုံးဒုက္ခသည်စခန်းမှ အမျိုးသား ၁၁၇ ဦးကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းက ခမရ ၅၄၂ တပ်ရင်းထဲသို့ ဗျူဟာမှူးဝဏ္ဏအောင်က ဦးဆောင်ပြီး အတင်းအကျပ်ခေါ်ဆောင်ကာ စစ်သင်တန်းပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ စစ်တပ်က ဘန်ကာအထိုင်ချစခန်းများကိုပို့လိုက်သည့် ၅၀ ဦးခန့်မှာ စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များထဲမှဖြစ်ကြောင်း သိရှိရသည်။

 

ဆက်စပ် သတင်းများ