စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် မိုင်းပေါက်ကွဲ၍ လူငယ်တစ်ဦးနှင့် နွား ၂ ကောင် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 659

(စစ်ကောင်စီတပ်က မြေမြှုပ်မိုင်း ၅၀ ခန့် ထပ်ထောင်)

အေးမြတ်ခိုင်/နိရဉ္စရာ၊ မတ်လ ၂၈၊ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက မြေမြှုပ်မိုင်း ၅၀ ခန့် ထပ်ထောင်ခဲ့ပြီး တစ်ရက်တည်းတွင်ပင် မိုင်းပေါက်ကွဲ၍ လူငယ်တစ်ဉီး ဒဏ်ရာရရှိကာ နွား ၂ ကောင် ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်၊၊

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် မင်းတက်တောင်မှ တစ်မိုင်ခန့်အကွာရှိ လမ်းကွေ့လမ်းဆုံမှာ မိုင်းနင်းမိ၍ ပြိုင်းစေ့ကေကျေးရွာမှ မောင်လှမြင့်(ဘ) ဦးငကြူဝေ ဒဏ်ရာရရှိသွားကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်၊၊

“သူနဲ့ သူ့ဇနီးဆိုင်ကယ်နဲ့ သွားကြတာ။ မိုင်းပေါက်လို့ အမျိုးသားဖြစ်သူမှာ လက်ချောင်းလေး နှစ်ချောင်း ပြတ်သွားတယ်။ ကံကောင်းလို့ တခြားပြင်းထန် ဒဏ်ရာတော့ မရသွားဘူး။ နောက်ပြီး မီးကျောင်းတက် ရွာက နွားနှစ်ကောင်လည်း မိုင်းမိပြီး ဒဏ်ရာရနေတယ်တဲ့။ ဘယ်သူမှတော့ သွားမကြည့်ရဲကြဘူး။ အခုလောက်ဆို သွေးလွန်ပြီး သေပြီလားမသိ”ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ကျောက်ဖြူမြို့နယ်၊ ကန္ဒီး နှင့် ပျားတဲကျေးရွာအကြား မီးကျောင်းတက် ကျေးရွာသို့သွားသည့်လမ်းဘေး နှင့် လယ်ကွင်းများတွင် စစ်ကောင်စီတပ်က မိုင်းအလုံး ၅၀ ခန့်ကို ထပ်မံထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း ကန္ဒီးကျေးရွာသားတစ်ဦးက ပြောသည်။

“ဘယ်တပ်ရင်းက အကောင်တွေလည်းတော့ ကျနော် မသိဘူး။ စစ်ဗိုလ်တစ်ယောက်ပါတယ်လို့တော့ သိရပါတယ်။ မနေ့ကထောင်တာ အနည်းဆုံး မိုင်းအလုံးရေဟာ ၅၀ လောက်ရှိပါမယ်။ လမ်းဘေး တွေမှာ၊ လယ်ကွင်းတွေမှာ တောက်လျှောက်ကို မြှုပ်ထားခဲ့တာပါ။ မင်းတက်တောင်၊ ကုလဘာ၊ အူချေ ကျေးရွာတွေတလျှောက်ကိုလည်း ပြီးခဲ့တဲ့ ရက်တွေက မိုင်းတွေ ထောင်ခဲ့သေးတယ်လို့ ပြောကြတယ်။"

ယခုကဲ့သို့ ဒေသခံများ နေ့စဉ်သွားလာ၊ လုပ်ကိုင်စားသောက်နေသည့် လယ်မြေများနှင့် အများ ပြည်သူများ သွားလာရာ လမ်းဘေးများတွင် စစ်ကောင်စီက မိုင်းထောင်သည့် လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချသည်ဟု ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောသည်။

“စစ်ပွဲမဖြစ်ဘဲ ကျေးရွာသားတွေသွားလာလို့မရ၊ အများပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာတောတောင်တွေကို မိုင်းထောင်နေတာဟာ အများပြည်သူဒုက္ခရောက်အောင် လုပ်ဆောင်နေတာလို့ မှတ်ယူတဲ့အတွက် စစ်ကောင်စီရဲ့လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချအပ်ပါတယ်”ဟု ပြောသည်။

မတ်လ လဆန်းပိုင်းက ကျောက်ဖြူမြို့နယ်ရှိ စိုင်ခြုံဒွိန်ရွာ၊ အောင်စေတီရွာ၊ ငပြီတောင်၊ ငှက်ပျောချောင်း၊ တောင်ရှည်၊ ခမရ (၅၃၄)အနီးတဝိုက်၊ ပြင်ဝန်းစသည့် ကျေးရွာ အနှံ့အပြား တွင်လည်း စစ်ကောင်စီမှ မိုင်းထောင်ထားသည့် အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့်  ခလရ (၃၄)နှင့် ခမရ(၅၄၂) တပ်ရင်းများက ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ရက္ခိုင့်တပ်တော်က လိုက်လံ ရှင်းလင်းနေသော်လည်း ကျန်ရှိနိုင်သေးသည့်အတွက် သတိထားသွားလာကြရန်မှာကြားထားကြောင်း ‌ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်က ထင်းရှာသွားသည့် မင်းတက်တောင် ကျေးရွာသားတစ်ဦး မိုင်းနင်းမိကာ ညာဘက်ခြေထောက် ပြတ်ထွက်သွားကြောင်း သိရသည်။(ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ