တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက လက်ပစ်ဗုံးဖြင့်ပစ်၍ အနည်းဆုံး မူဆလင်အမျိုးသမီးတစ်ဦးအပါအဝင်နှစ်ဦးသေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

အိမ်စိုးဖြူနိရဉ္စရာ၊ မတ် ၂၈/ ၂ဝ၂၄

ရခိုင်ပြည် စစ်တွေမြို့နယ်ပြည်နယ်လွှတ်တော်အနီး မူဆလင်ဒုံးပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ စစ်ကောင်စီတပ်သားများမှ ဖောက်ခွဲသည့် လက်ပစ်ဗုံးထိမှန်သေဆုံးခဲ့ပြီး နောက်ထပ်ကျေးရွာသား ၁ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူများမှာ ဦးဆောဒီရာမာမ်(၅၅)နှစ်(ဘ)ဆူဆားအာမာမ် ၊ ဒေါ်မာမားဒါး(၄၅) နှစ်(ဘ) အဒူရှရင်း တို့ဖြစ်ကြပြီး အမျိုးသမီး(၁၁) ဦးနှင့် အမျိုးသား(၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အခင်း ဖြစ်ရာနေရာသို့ ရောက်ရှိနေသည့် နိရဉ္စရာ၏ ခိုင်မာသည့် သတင်းရင်းမြစ်မှ သိရသည်။

အဆိုပါ သတင်းရင်းမြစ်က သေနတ်နဲ့ လူလေးယောက်ရွာထဲဝင်လာတယ်။ ရိုးရိုးအပြင် အင်္ကျီနဲ့ လာတာပါ။ သူတို့ဝင်လာတာကို မြင်တဲ့ အမျိုးသမီး တစ်ဦးကိုအိမ်ခြံထဲကဆွဲခါ်တယ်။ မလာတော့ ဆွဲတယ်။ အိမ်းနားက ဦးလေးတစ်ယောက်က အိမ်ကထွက်လာပြီးဘာလုပ်တာလဲမေးတော့ လူအုပ်များလာတယ်။ အဲဒီမှာပစ်လိုက်တာပါ။ ပစ်တဲ့လူတွေက လွှတ်တော်ရုံးနောက်ဘက်က ဝင်သွားကြတယ်လို့ပြောပါတယ်ဟု ပြောသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က အတည်ပြုပြောဆိုနေသည့်အချိန်တွင် စစ်တပ် ကားတစ်စီးရွာထဲဝင်လာသဖြင့် ဖုန်းချသွားခဲ့သည်။ ထပ်မံ၍ ဆက်သွယ်ရာတွင် ဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်နေသဖြင့် နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဒဏ်ရာရရှိသူများကို ရေချမ်းပြင်ကျေးရွာအနီးရှိ တပ်မတော်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။

သို့ရာတွင် ရိုနေဆန်းလွင်၏ လူမှုကွန်ရက်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ၄ ဦးအထိ ရှိကြောင်း ရေးသား ဖော်ပြထားသည်။

၎င်းက " ရိုဟင်ဂျာမိန်းကလေးနှစ်ဦးကို လွှတ်တော်ရုံးမှ တပ်မတော်ကင်းထောက်များက နှောင့်ယှက် ရိုက်နှက်ခဲ့သည်။ မိန်းကလေးများသည် လွှတ်တော်ရုံးခြံစည်းရိုးအနီးတွင် လောင်စာပြုလုပ်ရန် နွားချေးများ ရှာဖွေခဲ့သည်။ မိန်းကလေးများနောက်သို့ စစ်တပ်က လိုက်လာနေသည်ကို လူအုပ်ကြီးက စုရုံးရောက်ရှိလာသည်။  ယင်းနောက်စစ်တပ်မှ လူအုပ်ထဲသို့ ဗုံးတစ်လုံးပစ်ပေါက်ခဲ့ရာ ရိုဟင်ဂျာ အမျိုးသားတစ်ဦး ချက်ချင်းသေဆုံးခဲ့သည်။ သေဆုံးသူ၏ အစ်ကိုဖြစ်သူက ရုပ်အလောင်းကို ပြန်လည် ရယူရန်ကြိုးပမ်းချိန်တွင် လူအုပ်ထဲသို့ နောက်ထပ်ဗုံးတစ်လုံး ထပ်မံပစ်ချခဲ့သည်။ ဒုတိယဗုံးခွဲမှုကြောင့် ရိုဟင်ဂျာ သုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်" ဟု ရေးသားထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန်  နိရဉ္စရာသတင်းဌာနမှ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းနှင့် စစ်တွေ အမှတ် (၁) ရဲစခန်းသို ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။  

ဆက်စပ် သတင်းများ