တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော် ဘူးသီးတောင်တောင်ဘဇာစခန်းအား သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

(အမ်း၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ)

ခိုင်လူလှ (ရိုးမမြီ)/ နိရဉ္စရာ၊ မတ် ၂၉/၂၀၂၄

ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

၎င်းပြင် ဘူးသီးတောင်၊ အမ်း၊ မြေပုံမြို့နယ်တို့တွင်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ဘူးသီးတောင်တိုက်ပွဲ

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက် မှ (၂၈) ရက်နေ့အထိ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၆) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် (၄) ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းမှ အင်အား (၅၀) ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၈) ဦး ကျဆုံးခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့သည်။

အမ်းတိုက်ပွဲ

ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုအချိန်အထိ လက်နက်ချ အညံ့မခံသေးသော ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ဒေသဌာနချုပ် (တနည်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယမန်နေ့ (မတ်လ ၂၆ ရက်နေ့) ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နှင့် တခြားတပ်များမှ စုပေါင်းထားသော စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၁၈) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့သည်။


ရန်သူသည် ဒရုန်း၊ လေကြောင်းပစ်ကူ နှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက် ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁၅) ဦးခန့်ကျဆုံးကာ (၁၅) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်း ရမိခဲ့သည်။မိမိတို့ဘက်မှ တပ်ဖွဲ့ဝင် (၂) ဦး အသေးစားဒဏ်ရာရရှိခဲ့သည်။

မြေပုံတိုက်ပွဲ

၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၄၅) မိနစ်အချိန်တွင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၄၀၀) ခန့်အကွာ တောင်ကြော၌ အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရီးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မောင်တောတိုက်ပွဲ

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိသည်။

ရန်သူ့ဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိသည်။ တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက် တင်ပေးသွားပါမည်။

ဓာတ်ပုံ- AA Info Desk နှင့် ဇိတ်ဇိတ်ပို့စ်

ဆက်စပ် သတင်းများ