စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင် မတ်လအတွင်း စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှု အကြိမ် ၂၁ ကြိမ် အထိ ရှိခဲ့ပြီး၊ အရပ်သား သေဆုံးသူ ၄၈ဦးနှင့် ဒဏ်ရာရသူ ၆၂ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သျှင်မင်းဇံ၊ နိရဉ္စရာ၊ မတ် ၂၉/၂၀၂၄

ရခိုင်ပြည်တွင် မတ်လအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၁  ကြိမ် အထိရှိခဲ့ပြီး  လူပေါင်း ၄၈ ဦးသေဆုံးကာ ၆၂ ဦးဒဏ်ရာရရှိခဲ့ပါသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများမှာ မတ် ၁ ရက်မှ မတ် ၂၈ ရက် အထိ ဖြစ်ပြီး သေဆုံးသူများမှာ အသက် ၁ နှစ်မှ အသက် ၇၀ နှစ်ကြားဖြစ်ကြသည်။

ဗုံးကြဲမှုကို မြောက်ဦးတွင် အများဆုံး (၅) ကြိမ်၊ မင်းပြား (၄) ကြိမ်၊ ပုဏ္ဏားကျွန်းနှင့် မြေပုံ (၃) ကြိမ်၊ ကျောက်တော် (၂)ကြိမ်နှင့် အမ်း၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် သံတွဲ - တောင်ကုတ်တို့တွင် (၁)ကြိမ်စီဖြင့် ပြုလုပ်ခဲ့သည်။
-------------

- မတ်လ ၂ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီသည် အမ်းမြို့နယ်၊ တပ်တောင်မြို့ကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကျောင်းအဆောက်အဦတချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

တပ်တောင် အထက်တန်းကျောင်းနှင့် ပုလဲလုပ်ငန်းနေရာများအနီးဝန်းကျင်သို့ ကျရောက် ပေါက်ကွဲခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိသူ မရှိဟု သိရသည်။

-------------------

- မတ်လ ၄ ရက် ညနေ ၃နာရီခန့်က  ပုဏ္ဏားကျွန်းမြို့နယ် မင်းကန်ရွာနှင့် တန်းစွယ်ရွာကို စစ်ကောင်စီက Y 12 ဖြင့် ဗုံးကြဲမှုကြောင့် ကျေးရွာတချို့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း ပျက်စီးမှု ရှိခဲ့သည်။

- ညနေ ၅နာရီ ကျော်ခန့်တွင်လည်း Y-12ဖြင့် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းကို ရည်ရွယ်ချက် ရှိရှိလာရောက်ဗုံးကြဲဖျက်ဆီးခဲ့သည်။

- ညနေ ၅နာရီ ၄၅မိနစ်ခန့်တွင် လည်း   စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့ကို ဗုံးကြဲခဲ့သည်။


-------------------- 

- မတ်လ ၅ ရက် နံနက်အစောကြီး ကျောက်တော်မြို့ကို ညဉ့်အချိန် (၀၀:၂၅) နာရီ တစ်ကြိမ်၊  (၀၀:၄၀) နာရီခန့် တစ်ကြိမ်၊ နှစ်ကြိမ် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ   လျှပ်စစ်ဓာတ်အားခွဲ ရုံအနား ကျရောက်ပေါက်ကွဲခဲ့သည်။  လူနှစ်ဦးအနည်းငယ်စီ ထိခိုက်မှုရှိခဲ့သည်။
--------------------

- မတ် ၆ ရက်နေ့ ညဉ့် ၁၁နာရီ ၅၀ မိနစ်က မင်းပြားမြို့နယ်၊ အမ်းသားစံပြကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ  စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
အခြေခံပညာ မူလတန်းကျောင်းတစ်ခုလုံး ပြိုပျက်သွားပြီး လူနေအိမ်တချို့တွင် နေအိမ်နှင့် ထရံများ ပေါက်ထွက်ပျက်စီးသွားခဲ့သည်။

-------------

- မတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီက မြောက်ဦးမြို့နယ် တိန်ညိုရွာကို  စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပျံဝဲ ဗုံးလာကြဲခဲ့ပြီး  ကျေးရွာအနီးက အုန်းတော ( ဓနိတော) မှာ ကျရောက် ပေါက်ကွဲခဲ့သည်။

----------------- 

- မတ်လ ၁၂ ရက်နေ့ မင်းပြားမြို့ပေါ်ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် စျေးဟောင်းပိုင်ရပ်ကွက်မှ အမျိုးသား ၁  ဦးနှင့် အမျိုးသမီး  ၂ ဦးသေဆုံးသွားခဲ့သည်။

-------------------- 

- မတ် ၁၃ ရက်နေ့ နံနက် ၉နာရီခန့်ကနေ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရသေ့တောင်မြို့ကို စစ်ကောင်စီဖက်မှလည်း ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မတ်လ ၁၃ ရက် နံနက်အစောကြီး ညဉ့်အချိန်ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၍ နေအိမ်များပျက်စီးသွားခဲ့သည်။
--------------------

- မတ် ၁၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်၊ ပြုံးပြည့်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက ဗုံးကြဲ၍ ဒေါ်စိန်တင်ဖြူ (၇၃) နှစ် သေဆုံး သွားခဲ့သည်။  သူမ၏  အမျိုးသားဖြစ်သူ ဦးမောင်ကျော်ထွန်း(၇၈) နှစ်မှာ ပေါင်တွင် ဒဏ်ရာရရှိခဲ့သည်။

------------- 

- မတ် ၁၅ ရက်နေ့ နံနက် ၉ နာရီ ၅၀  မိနစ်ခန့်က မြောက်ဦးမြို့ကို  Y-12 ဖြင့် ဗုံး ၅ လုံး ပစ်ချခဲ့၍ ရွာဟောင်းတောရပ်ကွက်မှ အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသီးငယ်တစ်ဦးဒဏ်ရာရရှိခဲ့သည်။

- စစ်ကောင်စီမှ ကြဲခဲ့သည့် ဗုံးသည် ဗန္ဓုလရပ်ကွက်၊ ရွာဟောင်းတောရပ်ကွက်နှင့် ဝမ်းတီးရွာတွင် ကျရောက် ပေါက်ကွဲခဲ့သည်။

---------------------------

- မတ် ၁၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြောက်ဦးမြို့နယ်၊ ပုရိန်ကျေးရွာကို စစ်ကောင်စီတပ်က Y-12 ဟုယူဆရသည့် စစ်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲ၍ အသက် ၁၃ နှစ်အရွယ် မွတ်ဆလင် လူငယ် မောင်နုရ်ဟာန်နော်ဒိန် (ဘ) ဦးချောဘီခါး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

- မတ် ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ၍ မင်းပြားမြို့၊ မင်းဘာကြီး ရပ်ကွက်မှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျရောက်ပေါက်ကွဲကာ စာသင်ကျောင်း ဆောင်များ ပျက်စီးသွားခဲ့သည်။
--------------------

- မတ် ၁၇ ရက်နေ့ နံနက်အစောကြီး  ညဉ့် ၁၂ နာရီကျော်အချိန်ခန့်က မြောက်ဦးမြို့ကို စစ်ကောင်စီက Y-12ဖြင့် ဗုံးကြဲ၍ အရပ်သား ၄ဦးထက် မနည်းသေဆုံးပြီး  ၈ဦးခန့် ဒဏ်ရာရရှိသွားခဲ့သည်။

တောင်ရပ်ရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်တို့တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး လူသေဆုံးခဲ့ရသည်။

------------------------ 

- မတ် ၁၈ ရက်နေ့ နံနက် အစောကြီး၊ ညဥ့် ၁ နာရီ ၃၄ မိနစ်အချိန်ခန့်တွင် မင်းပြားမြို့နယ်၊ ခြိမ်တောင် အုပ်စုရှိ သာဒါ(မွတ်ဆလင်ကျေးရွာ) ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲခဲ့သည့် အတွက်ကြောင့် အရပ်သား မွတ်ဆလင်  ၂၂ ဦး သေဆုံးပြီး ၂၉ ဦးခန့် ဒဏ်ရာရခဲ့သည်။

သေဆုံးသူများတွင် အသက် ၁ နှစ်မှ ၅၇ နှစ်အရွယ်ကြားဖြစ်ကြပြီး အသက် ၁ နှစ်နှင့် ၁ နှစ်အောက် မွတ်ဆလင်ကလေးငယ် (၁၁) ဦးအထိ သေဆုံးခဲ့ရ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်မှ ကြဲချခဲ့သည့် ဗုံးထိမှန်၍ လူနေအိမ် ၅ လုံးခန့်ပြိုပျက်သွားပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့ကာ နှစ်ကောင်တွင် ဒဏ်ရာရခဲ့သည်။

--------------------------

- မတ် ၂၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက်က တောင်ကုတ်မြို့နယ်၊ ဟုန်းပေါက်ကျေးရွာနှင့် သံတွဲမြို့နယ် ဒေါ်မြရွာသစ်ကြားမှ ချီချောင်းအနီးတောင်များကို လေယာဥ်နှင့်ဗုံးကြဲသည်။

" ချီချောင်းဘက်ကို ဗုံးကြဲတာလေယာဥ်နဲ့။ အားလုံးပေါက်ကွဲသံ ၁၁ ချက်လောက် ကြားလိုက်ရတယ်။ လေယာဥ်နဲ့ဗုံးကြဲတာပဲဖြစ်မယ်။ရွာထက်ကနေဂျက်ဖိုက်တာလည်း သုံးကြိမ်လောက်ဝဲသွားတယ်" ဟု သူကပြောသည်။
----------------------

- မတ် ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးလာကြဲ၍ ကလေးငယ် ၄ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကာ ၁၀ ဦးခန့် ဒဏ်ရာ ရရှိသွားခဲ့သည်။

သေဆုံးသူများတွင် အသက် ၃ နှစ်နှင့် ၄ နှစ် ယောကျ်ားလေး ၂ ဦး၊ အသက် ၁၃ နှစ်ခန့်အရွယ် မိန်းကလေးငယ် ၂ ဦးနှင့် အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြသည်။

“ဂျက်နဲ့လာပြီးတော့ ပစ်သွားတာ။ အလောင်းတွေ အပိုင်းပိုင်းအပြတ်ပြတ် မြင်မကောင်းဘူး။ ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံတွေကို ပို့နေပါတယ်။ စိုးရိမ်ရတဲ့သူတွေလည်း ရှိပါတယ်” ဟုပြောသည်။

စစ်ကောင်စီက ဗုံးလာကြဲခဲ့၍ နေအိမ် ၃ လုံး ပြိုပျက်သွားခဲ့သည်။
----------------------

- မတ် ၂၂ ရက်နေ့ နေ့လယ် ၁၂နာရီ ခွဲခန့်က မြေပုံမြို့နယ်၊ ညောင်ကန်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီ၏ ဂျက်ဖိုက်တာ(၂)စီးဖြင့် ဗုံးလာကြဲ၍ သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး ရဟန်းတော်တစ်ပါး၊ ကိုရင်ငယ်တစ်ပါးနှင့် ကလေးငယ်များ အပါအဝင် လူပေါင်း ၁၃ ဦးခန့်ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများအထဲတွင်  ကမ်းထောင်းကြီးတိုက်နယ်၊ ညောင်ကန် ကျေးရွာမှ  ဦးနာဂသေန အသက်(၄၂)နှစ် ၊ ကိုရင်ငယ် (၁)ပါး၊ မောင်ကောင်းခန့်ကျော် အသက်( ၁၇)နှစ်၊ မနှင်းယုရွှေ အသက်(၁၂) နှစ် တို့ ပါဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  လူနေအိမ်များလည်း မီးလောင်ခဲ့သည်။

------------------------------

- မတ် ၂၃ ရက်နေ့ နေ့လယ် ၁၂နာရီခွဲအချိန်ခန့်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးရှိ သရက်တောင်ကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ(၂)  စီးဖြင့်  ဗုံးလာကြဲ၍ ဦးစိုးမြအောင် (၅၇)နှစ်နှင့် အသက် ၅၀အရွယ်ခန့် ရှိသည့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
----------------------- 

- မတ် ၂၄ ရက်နေ့ နံနက် ၄နာရီအချိန်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ဆေးရုံကို စစ်ကောင်စီဗုံးလာကြဲ၍ သူနာပြုအကူ အမျိုးသမီး တစ်ဦးပြင်ထန်းဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသည့်အမျိုးသမီးမှာ ဒေါ်ဝါဝါ အသက် ၄၀ ကျော် ခန့်ရှိပြီး   ကရင်ပြည်နယ်ဖက်မှဖြစ်ပြီး ကမ်းထောင်းကြီးတွင် ဆေးရုံဝန်ထမ်းအဖြစ်  အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ဒေသခံများကပြောသည်။


ဆက်စပ် သတင်းများ