စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဧရာဝတီ-ရခိုင်နယ်စပ်တွင် ရက္ခိုင့်တပ်တော်ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် စစ်ကောင်စီမှစစ်ရေးပြင်ဆင်မှုနှင့်အတူ လုံခြုံရေးတင်းကြပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 10k

လူထက်နိုင်(ဒွာရာမြီ)၊ နိရဥ္စရာ ၊ မတ် ၂၉ / ၂၀၂၄

ရက္ခိုင့်တပ်တော် (AA) သည် လက်ရှိ မကွေးတိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး တိုက်ပွဲများ ဖော်ဆောင် လာပြီဖြစ်သဖြင့်အလားတူ ရခိုင်-ဧရာ၀တီတိုင်းနယ်စပ်သို့ ထိုးဖောက်ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုနှင့် လုံခြုံရေးတင်းကျပ်မှုများကို လုပ်ဆောင်လာသည်ဟု သတင်းရရှိသည်။

လက်ရှိတွင် ဧရာဝတီတိုင်းနှင့် ရခိုင်နယ်စပ် ငါးသိုင်းချောင်း-ဂွ လမ်းတလျှောက်တွင် စစ်ရေး ပြင်မှုများနှင့် အတူ လုံခြုံရေးတိုးမြင့်ကာ ရှောင်တခင် စစ်ဆေးမှုများကို တင်းကြပ်စွာ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများမှ နိရဥ္စရာ သို့ပြောသည်။

 

“ ငါးသိုင်းချောင်း-ဂွ လမ်းမှာ ဗေဒါဂိတ် အပြင် တခြားဂိတ်တွေလည်းချထားပြီးတော့ စစ်ဆေးနေတာ။ တပ်အင်အားတွေလည်း တို့ချဲ့ထားတယ်။ ရခိုင်ဘက်က စစ်ကားတွေလာသလို မြန်‌အောင်ဘက်က တပ်တွေလည်းခေါ်ထားတယ်လို့ကြားတယ်။ရခိုင်မှာ တိုက်ပွဲဖြစ်နေတော့ အေအေက ဒီဖက်ရောက်လာမှာကို သူတို့ကြောက်နေတာ” ဟု ဧရာဝတီ-ရခိုင်နယ်စပ်မှ ဒေသခံ တစ်ဦး မှပြောသည်။

 

ညအချိန်များတွင် အဆိုပါ ငါးသိုင်းချောင်း-ဂွ လမ်းတစ်လျှောက် ပွိုင့်ကားတစ်စီးဦးဆောင်မှုဖြင့် စစ်ကားများ၊ ကုန်းပြင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရေကြည်မြို့ အခြေစိုက် အမြှာက်တပ် (၃၄၄) မှ  စစ်ကားများဖြင့် ကင်းပုန်းဝပ်ခြင်း၊ လှည့်ကင်းများကို ညစဉ် ညတိုင်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 

 ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်း-ဂွ လမ်းတွင် ဗေဒါဂိတ်အား မတ်လ ၂၆ရက်နေ့တွင်စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ပေးပြီး လိုင်းကြေးများတောင်းခံနေကာ လမ်းလျှောက်တွင် ရှောင်တခင် စစ်ဆေးရေးများပါ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

“ ငါးသိုင်း‌ချောင်းရဲစခန်းမှာ အလှူခံထားတဲ့ သစ်၊သဲ၊ ဝါးတွေနဲ့ ဘန်ကာတွေဆောက်ထားတယ်။ ရခိုင်ပြည်နယ်ဘက်ကနေ စစ်ကောင်စီ ပွိုင့်ကားတွေ အိမ်စီးကားတွေနဲ့ နေ့တိုင်း ဧရာဝတီဖက်ကို လာပြီး ကံကလေးလမ်းဆုံဘက် မောင်းတက်တယ်။  ပြီးရင်ပြန်တယ်” ဟု ငသိုင်းချောင်းဒေသခံ တစ်ဦးမှ ပြောသည်။

 

ငါးသိုင်းချောင်းမှ စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးမှူးများ ပျူများသည်ရခိုင်ပြည်နယ် ဂွမြို့အနီး ဂိတ်စခန်းဖွင့်ထားသော ခလရ (၅၆၃)မှအင်အားများနှင့်ပူးပေါင်းကာ အင်အားပြ ကင်းလှည့်လေ့ ရှိကြောင်း သိရသည်။

 

ဧရာဝတီ-ရခိုင်နယ်စပ် ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA  ဝင်ရောက်နေပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စစ်ကောင်စီမှ ကင်းပုန်းများ ချထားသကဲ့သို့ ကင်းလှည့်မှုများ စစ်ဆေးမှုများကို နေ့စဉ်လုပ်ဆောင်နေကြောင်း တစ်ခြား ငသိုင်းချောင်း ဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

 

အဆိုပါစစ်ဆေးရေးဂိတ်များတွင် ရခိုင်ပြည်နယ်ဘက်သို့ တက်သော ဆီနှင့် စားသောက်ကုန်များ ပါလာသည့်ဆိုင်ကယ် တစ်စီးလျှင် (၂၅၀၀၀)ကျပ်ထိ တောင်းယူပြီး ကားတစ်စီး (၁၅၀၀၀၀မှ ၂၀၀၀၀၀)ကျပ်အထိ ပေးရကြောင်း ဒေသခံများထံမှ သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ၊ငါးသိုင်းချောင်းမြို့ ခို‌တောင်အထွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်များ၊ကားများအား တားဆီးစစ်ဆေး ငွေတောင်းနေကြပြီး ရခိုင်သို့ သွားမည့်ကားများအား အထူးစစ်ဆေး လျက်ရှိကြောင်းသိရသည်။


ရက္ခိုင့်တပ်တော် ( AA) သည် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ကာ ၁၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်ကသတင်းထုတ်ပြန်သည်။

၎င်းတိုက်ပွဲများသည် မတ်လ ၂၆  ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ အနီးတွင်လည်းကောင်း၊ မတ်လ ၂၈ ရက်က မကွေးတိုင်း ငဖဲမြို့နယ်၊ ချောင်းဖျားရွာ အနီးတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ကျော်စိုး 

ဆက်စပ် သတင်းများ