စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က မြေပုံကမ်းထောင်းကြီးမြို့ကို လက်နက်ကြီးဖြင့်ပစ်၍ ၆ ဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မတ် ၂၉/ ၂၀၂၄

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၆ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက် ၁၀နာရီခွဲခန့်က အမ်းမြို့နယ် ကဇုကိုင်းအထက်ပိုင်း ကျားဟိန်းတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီမှ လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကမ်းထောင်းကြီးဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ မနက် ၁၀နာရီ ၁၁ နာရီကကျော်ကနေ လက်နက်ကြီးကျည်တွေပစ်ခဲ့တာ နေ့လယ် ၁နာရီထိ ပစ်ခဲ့တယ်။ ရွာ သစ်ရပ်ကွက်က ယောကျ်ားလေး တစ်ယောက်‌၊မိန်းကလေး တစ်ယောက် ခြေထောက်နဲ့ လက်တွေမှာ ထိသွားတယ်။ ၆ ယောက်အနည်းဆုံး ဒဏ်ရာရတယ်။ အခုလူတိုင်းစိုးရိမ်နေရတယ်” ဟုပြောသည်။

ဒဏ်ရာရရှိသူများမှာ  ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်မှ မအေးအေးမြင့် (၁၃ နှစ်)၊ ကိုသူရိန်စိုး (၁၈ နှစ်)၊ ကိုမောင်မျိုးဆက် (၂၃ နှစ်)၊ ဒေါ်မအေး (၄၂ နှစ်)၊ ဦးမောင်အေး (၄၂ နှစ်)နှင့် တောင်ပိုင်း ရပ်ကွက်က ဦးမောင်ဦးချေ (၅၄ နှစ်)ဖြစ်ကြသည်။

ယင်းအပြင် မြေပုံ ကျွန်းသာယာနှင့် အမ်းမြစ်ဖက်မှ တက်လာသည့် နေဗီပေါ်မှလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု အမ်းဒေသခံတစ်ဦး က နိရဥ္စရာကို ပြောသည်။

“ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ အမ်းမှာ တိုက်ပွဲဖြစ်တာမကြားဘူး။ ဒါပေမယ့် အမ်းကဇုကိုင်းနဲ့ မြစ်ထဲကနေ ဗီကနေလက်နက်တွေနဲ့ မြေပုံကို ပစ်နေတယ်”ဟုပြောသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ အတွင်းကလည်း အမ်းမြို့နယ် ကဇုကိုင်းတောင်ဖက်မှ စစ်တပ်က လှမ်းပစ်သော လက်နက်ကြီးကျည်များထိမှန်၍ ဒေသခံ ၄ ဦးဒဏ်ရာရရှိပြီး နှလုံးရောဂါအခံရှိသည့် အမျိုးသမီး ၁ဦး ကြောက်လန့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ယင်းအပြင် မတ်လ ၂၄ ရက်ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ဆေးရုံကို စစ်ကောင်စီ ဗုံးလာကြဲ၍ သူနာပြုအကူ အမျိုးသမီး တစ်ဦးပြင်ထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဆေးရုံ၏ အမျိုးသား လူနာ အဆောင်၊ အမျိုးသမီးလူနာ အဆောင်၊ မွေးဖွားခန်း အဆောင်များအားလုံးပြိုပျက်သွားကြောင်း သိရသည်။ 

ဆက်စပ် သတင်းများ