စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြေပုံမြို့နယ် အင်ကြင်းကျေးရွာမှ အမျိုးသားတစ်ဦး စစ်ကောင်စီပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 605

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ မတ် ၂၉/၂၀၂၄

စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်သည် မြေပုံမြို့နယ် အင်ကြင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲ၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

၎င်းသူမှာ ဦးကျော်သောင်း အသက်(၆၃)နှစ်ဖြစ်ပြီး ကျောကုန်းတွင် ကျည်စထိမှန် ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။

၎င်းလက်နက်ကြီးကို မြေပုံမြို့နယ်၊ စစ်ကောင်စီ၏ ခမရ (၅၄၄)  တပ်ရင်းအနီးရှိ စညှင်းတောင်ကြီး တပ်စခန်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

၎င်းစညှင်းတောင်ကြီး တပ်စခန်းမှ ယမန်နေ့ မတ်လ ၂၈ရက်၊ နံနက် ၁၀ နာရီကျော်အချိန်က လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့စဉ် အင်းကြင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

"ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရပါဘူး။ အခုတော့ ရွာမှာဘဲ ကုသမှုခံယူနေပါတယ်။ ကမ်းထောင်းကြီးမှာ ရှိတဲ့ ဆေးရုံကိုလည်း စစ်တပ်ကလေကြောင်းနဲ့ပစ်လို့ ပျက်စီးသွားပြီ။ ရွာမှာဘဲ ဖြစ်သလို ကုသနေရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးက "ဘယ်ဘက်ကိုပစ်မှန်းတော့မသိဘူး။ ကျရောက်ပေါက်ကွဲတဲ့ အသံကို မကြားရဘူး။ လက်နက်ကြီးပစ်နေတာက သုံးလေးရက်လောက်ရှိနေပြီ။ ဒီနေ့လည်းပစ်နေတယ်" ဟုပြောသည်။

ယင်းအပြင် ယနေ့မတ်လ ၂၉ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်ကလည်း မြေပုံမြို့နယ်၊ စညှင်း ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့၊ နံနက် ၄နာရီအချိန်ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် ဆေးရုံတွင် အကူလုပ်နေသည့် ကရင်ပြည်နယ်ဖက်မှ အမျိုးသမီးဝန်ထမ်း ဒေါ်ဝါဝါ အသက်(၄၀)ကျော်တွင် ဦးခေါင်း၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၃ ရက်၊ နေ့လယ် ၁၂  နာရီခွဲအချိန်ခန့်ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး မြို့အနီးရှိ သရက်တောင်ကျေးရွာကို  စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးလာကြဲခဲ့၍ အသက်(၅၀)အရွယ် အမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့ကလည် စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ ၁၃ ဦးရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် မြေပုံမြို့ကို ရခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားပြီး မြေပုံမြို့နယ်အစွန်ပိုင်းရှိ ခမရ (၅၄၄)တပ်ရင်းနှင့် (၃၄၆)  တပ်ရင်းနှစ်ခုကို မသိမ်းပိုက်ဘဲ ကျန်ရှိနေသေးသည်ဟု သိရသည်။

ဆက်စပ် သတင်းများ