တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မောင်တောတွင် ဆေးရုံပိတ်ထား၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ဒေသခံပြည်သူများ ဆေးဝါးကုသခွင့်မရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 644

(HIV ရောဂါ‌‌ဝေဒနာရှင်များမှာလည်း ART ဆေးမသောက်ရ၍ ကျန်းမာရေးဆိုရွားလာနေ)

နှင်းနွယ်နီ၊ နိရဥ္စရာ၊ မတ် ၂၉/၂၀၂၄

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စစ်ကောင်စီက ဆေးရုံကို ပိတ်လိုက်သည့်အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ဒေသခံပြည်သူများမှာ ဆေးဝါးကုသခွင့်မရ၍ များစွာ အခက်ကြုံနေကြရကြောင်း မောင်တောမြို့ခံများက ပြောကြသည်။

သန္ဓေအနေအထားမမှန်၍ ခွဲစိတ်မွေးဖွားရန်လိုအပ်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ယခင်က ခွဲစိတ်မွေးဖွားဖူးသော ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆေးရုံပိတ်ထားသည့်အတွက် ခွဲစိတ် မွေးဖွားရန် အခက်အခဲများရှိနေသည်ဟု သူနာပြုတစ်ဦးက ပြောသည်။

“OG တွေနဲ့ ဗိုက်ခွဲမွေးထားတဲ့ အမျိုးသမီးတွေ။ ဗိုက်ခွဲမွေးဖို့ အချိန်ကျခါနီးပြီ။ အဲဒီအချိန်မှာ သူတို့က ပုံမှန်အတိုင်းမွေးလို့ မရဘူးလေ။ ဗိုက်ခွဲမမွေးဘဲ ပုံမှန်အတိုင်းမွေးမယ်ဆိုရင် အရင်တုန်းက ခွဲထားတဲ့ ဗိုက်က ချုပ်ရာတွေက ပွင့်ထွက်မယ်။ အသက် ဆုံးရှုံးနိုင်တယ်” ဟုပြောသည်။

လက်ရှိတွင် မောင်တော ဆေးရုံမှ ဝန်ထမ်းတချို့မှာ မြို့ပေါ်မှ တိမ်းရှောင်သွားပြီး တချို့ သူနာပြုများမှာ မြို့ပေါ်တွင်နေ၍ နီးစပ်သူများကို ဆေးကုသပေးနေသော်လည်း ခွဲစိတ်မည့်ကိစ္စများကိုမူ မပြုလုပ်နိုင်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ များစွာအခက်အခဲရှိနေသည်ဟု သူကဆက်ပြောသည်။

မောင်တော မြို့ခံ တစ်ဦးက “ခုက နေမ‌ကောင်းဖြစ်ရင် ဆေးရုံလည်း မရှိဘူး။ ဆေးခန်းလည်း မရှိဘူး။ ဆရာဝန်လည်း မရှိဘူး။ ဒီတော့ ဆေးဆိုင်တွေက စပ်‌ဆေးတွေ ဝယ်သောက်နေရတယ်။ ဆေးတွေကလည်း စျေးကြီးတယ်။ လမ်းတွေပိတ်ထားတော့ အကုန်စျေးကြီးနေတာပေါ့” ဟု နိရဥ္စရာကို ပြောသည်။

မောင်တောတွင် ဆေးဝါးများရှားပါးနေ၍ အမျိုးသမီး အများစုမှာ သားဆက်ခြားဆေး(ထိုးဆေးနှင့် သောက်ဆေး) များ ရှာမ၍ အခက်အခဲ ရှိနေကြသည်ဟု သူနာပြုက ဆိုသည်။

“အခုက ဒီပို(Depo) ၃ လခံ ထိုးဆေး တစ်လုံးတောင် ၃ သောင်း။ ဘင်္ဂလာက တစ်ခါဝင်ရင် ၇ လုံး၊ ၈ လုံးလောက်ပဲ။ ဒီပို တစ်လုံးကို ၃ သောင်းနဲ့ရှာမရဘူး” ဟုပြောသည်။

ထို့အပြင် HIV ရောဂါဝေဒနာရှင်များမှာ ဆေးရုံပိတ်လိုက်၍ သူတို့ သောက်သုံးနေရသည့်  ART ဆေးများကို ပြင်ပတွင်လည်း ဝယ်မရဖြစ်နေသည့်အတွက် ရောဂါအခြေအနေ ပိုမို ဆိုးရွား လာနိုင်သည်ဟု အမည်မဖော်လိုသူ HIV ဝေဒနာရှင် တစ်ဦးကပြောသည်။

“ကျနော်  ART ဆေးကို သောက်နေတာ နှစ်‌‌ပေါင်း ၁၀ ကျော်လောက်ရှိပြီ။ အရင်တုန်းက  ART ဆေးကို MSF က ရခဲ့ပေမဲ့ ၂၀၁၄ နောက်ပိုင်းလောက်မှာ သူတို့က ဆေးကို အစိုးရဆေးရုံကို လွှဲပေးလိုက်တယ်။ ဒါကြောင့် ကျနော်တို့ ဆေးရုံကပဲ ယူသောက်လာတာ။ ခု ဆေးရုံပိတ်လိုက်တော့ ဆေးမရလို့ ကျနော် တစ်သက်လုံး ထိန်းသိမ်းလာတဲ့ လျှို့ဝှက်ချက်ကို အသက်ဆက်ရှင်ဖို့အတွက် ဆေးဆိုင်တွေသွားမေး၊ နီးစပ်ရာတွေမေး၊ MSF တို့ဘာတို့ကို သွားမေးခဲ့တယ်။ ဒါပေမဲ့ မရခဲ့ဘူး” ဟုပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက ကုန်စည်စီးဆင်းမှုများကို ဖြတ်တောက်ပြီး ဆေးရုံကို ပိတ်လိုက်ခြင်းမှာ လူအခွင့်အရေးချိုးဖောက်နေခြင်းဖြစ်ကာ ပြည်သူကို ချောင်ပိတ်ပြီး သတ်ခြင်းနှင့်တူသည်ဟု မောင်တောမြို့ခံ အမျိုးသမီးငယ် တစ်ဦးက ပြောသည်။

“အဓိက ဆေးဝါးပြတ်တောက်မှုကို လမ်းကြောင်းလေး ဖွင့်ပေးတာပဲဖြစ်ဖြစ်၊ စစ်တွေဘက်က ဆေးလာလို့ရအောင် လုပ်ပေးစေချင်တယ်။ ကျမတို့ ထင်တာက လူ့အခွင့်အရေးချိုးဖောက်တယ်။ အကြမ်းဖက်မှုကို ပို့လို့ကျူးလွန်တယ်လို့ပဲ ကျမတို့ သတ်မှတ်တယ်။ ပြည်သူလူထုကို ချောင်ပိတ်ပြီး သတ်တာနဲ့ တူတူပဲ” ဟု ပြောသည်။

မောင်တောဆေးရုံမှ ဝန်ထမ်းများအားလုံးကို စစ်တွေတွင် တာဝန်ရွေ့ပြောင်းထမ်းဆောင်ရမည် ဟုဆိုကာ ဆေးရုံကို ပြီးခဲ့သည့် မတ်လ ၄ ရက်က အပြီးတိုင် ပိတ်ခဲ့သော်လည်း မတ်လ ၉ ရက်တွင်မူ ဆေးရုံပြန်ဖွင့်မည်ဟု မြို့နယ်ထွေအုပ်က မြို့ပတ်ကြေညာခဲ့သော်လည်း ဝန်ထမ်းများမှာ ဆရာဝန်မရှိသည့်အတွက် ဆေးရုံကို မသွားရဲကြဟု အဆိုပါ သူနာပြုက ဆက်ပြောခဲ့သည်။

“ပြည်နယ်ကျန်းမာရေး ဝန်ကြီးဌာနက ဆရာဝန်တစ်ယောက်လောက် ရောက်မယ်ဆိုရင် မောင်တောက ဒေသခံတွေကတော့ သွားပြီးဆေးရုံကို ဆင်းပေးမယ်။ ဒါပေမဲ့ အဲဒီဘက်က တစ်ယောက်မှ တာဝန်ယူပေးမယ့်သူ မရှိတော့ မသွားရဲကြဘူး။ ဆရာဝန်ကြီးမရှိဘဲနဲ့လည်း သူနာပြုတွေ ဘာလုပ်လို့ရမလဲ” ဟုပြောသည်။

မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီသည် ကုန်စည်စီးဆင်းမှုများကို ပိတ်ဆို့ထားကာ ပြည်သူများ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ထားသည့်အတွက် ဒေသခံများ များစွာ အခက်အခဲဖြစ်နေရကြောင်း ပြောကြသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ