စိုးစံအောင်၊နိရဥ္စရာ၊ မတ် ၃၀ / ၂၀၂၄
ရခိုင်ပြည်၊ဂွမြို့နယ်တွင် အရှည်ပေ ၅၀ ဝန်းကျင်ရှိ ဝေလငါးတစ်ကောင် သေဆုံးပြီး သန္တာကျောက်တန်း ပေါ်တွင်သောင်တင်နေသည်ကို ယနေ့ နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်းဒေသခံများက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
အဆိုပါဝေလငါးမှာလောင်းကျိုးကျေးရွာ၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ မြအိမ်ရာ စီမံကိန်း အနီးရှိသန္တာကျောက်တန်းပေါ်တွင် သောင်တင်နေခြင်းဖြစ်ကြောင်းလောင်းကျိုးကျေးရွာသား တစ်ဦးကပြောသည်။
" မြအိမ်ရာ စီမံကိန်းရဲ့အနီးက ကျောက်တောမှာတင်နေတာပါ။ ဒီနေ့မနက်မှာ တံငါတွေက တွေ့ခဲ့တာပါ။ ကျွန်တော်လည်းသွားကြည့်ပြီး ဓာတ်ပုံမှတ်တမ်းတွေသွားယူခဲ့ပါတယ်။ သေတာ ကြာနေပြီ။ ငါးကပုပ်ပွနေပါပြီ" ဟု သူက နိရဥ္စရာသတင်းဌာနသို့ပြောသည်။
ယနေ့မနက်၈ နာရီခွဲကျော်တွင် ဒေသခံရေလုပ်သားများက ဝေလငါးအသေကောင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိ၇သည်။
အဆိုပါသောင်တင်သေဆုံးနေသည့်ဝေလငါးမှာ အရှည် ပေ ၅၀ ဝန်းကျင်ရှိပြီး လုံးပတ် ၃၀ပေခန့် အထိရှိနိုင်ကြောင်း သူကဆက်ပြောသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် မေလ ၃၁ ရက်ကလည်း ဂွမြို့နယ်၊ ပုန်းညက်ကမ်းခြေတွင် ဝေလငါးသားပေါက် အသေတစ်ကောင်ကိုသောင်တင်လျက် တွေ့ရှိခဲ့သေးသည်။
အလားတူ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီ ၁၅ ရက်ကလည်းမောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော် ပင်လယ်ကမ်းခြေတွင် အရှည် ၄၆ ပေရှိသောဝေလငါးကြီးတစ်ကောင်ကို သောင်တင် သေဆုံးလျက် တွေ့ရှိခဲ့သည်။ (ပုံစာ- ပုတ်ပွသေဆုံးနေသည့် ဝေလငါးအားတွေ့၇စဉ်)