ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

မာန်အောင်တွင် စစ်မှုထမ်းရမည်ကို စိုးရိမ်၍ ရှောင်တိမ်းကြစဉ် အမျိုးသားတစ်ဦးရေနစ် သေဆုံး



ဆောင်းဦးမာန်၊ နိရဉ္စရာ မတ် ၃၀/ ၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင်  စစ်ကောင်စီထံ၌ စစ်မှုထမ်းရမည်ကို စိုးရိမ် ကြောက်လန့်၍ ရှောင်တိမ်းနေစဉ် ဇရပ်ကုန်းခင်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရေနစ်မြုပ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် စစ်မှုထမ်းရမည်ကို စိုးရိမ်၍ ရှောင်တိမ်းနေစဉ် ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့တွင် ဇရပ်ကုန်းခင်ကျေးရွာ အနောက်ဖက် ဝမ်းချောင်း ချောင်းအတွင်း ရေနစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတူတူတိမ်းရှောင်နေသူနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

“သူက ရှောင်နေတာ အရင်နေခဲ့တဲ့နေရာက မလုံခြုံသလိုဖြစ်နေတော့ နေရာပြောင်းရွှေ့တယ်။  ကြောက်စိတ်လွန်ပြီး တစ်ခြားနေရာကိုသွားဖို့ ရေထဲဆင်းရာကနေ  ရေနစ်မြုပ်ပြီး သေဆုံးသွားတာ” ဟု ၎င်းက ပြောသည်။

အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များမှ  မိသားစုအား လာရောက် မေးမြန်းခြင်းများရှိသဖြင့် စိုးရိမ်ရသည့် အနေအထားရှိ၍ နာမည် မဖော်ပြရန် ၎င်းက ပြောကြားသည်။  

သေဆုံးသူ၏ ရုပ်အလောင်းကို မတ်လ ၂၉ ရက်နေ့တွင် ဇရပ်ကုန်းခင်ကျေးရွာ သင်္ချိုင်းတွင် သင်္ဂြုလ်ခဲ့ကြောင်းသိရသည်။

မာန်အောင်မြို့ ဒေသခံအများအပြားသည် စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်း ရမည်ကိုလည်း အလွန်စိုးရိမ်နေကြကြောင်း ပြောဆိုသည်။

ထို့အပြင်ယခုရက်ပိုင်း၌ မာန်အောင်မြို့နယ်တွင် စစ်ကောင်စီမှ ပြည်သူ့စစ်ဖွဲ့ရန်စီစဉ်နေကြောင်း ဒေသခံ  လူမှုရေးတက်ကြွလှုပ်ရှားနေသူတစ်ဦးမှ ပြောသည်။

“မကြာခင်မှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ လုပ်နေတယ်။ ဘာလို့လည်းဆိုရင် ရပ်ရွာလုံခြုံရေး ခေါင်းစဉ် တပ်ပြီးတော့ ကျေးရွာတိုင်းမှာ အစည်းအဝေးလုပ်နေကြတယ်။ မကြာခင်မှာ ဒီကိစ္စက ဖြစ်လာနိုင်မယ်လို့ ကျနော်ယူဆတယ်” ဟု ၎င်းကပြောသည်။

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းရန် နေ့စဉ်ရက်ဆက် စီစဉ်နေခြင်းဖြစ်ပြီး ပြည်သူတချို့ စိုးရိမ်မှုများရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၆ အုပ်စုအထဲတွင် အိမ်ခြေ ၁၀၀ အထက်ရှိသည့် ကျေးရွာတစ်ခုမှ လူဦးရေ ၅၀ အား မာန်အောင်မြို့ ဘောလုံးကွင်းတွင် စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း ဒေသခံများပြောဆိုနေကြသည်။

ဆက်စပ် သတင်းများ