သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

လမ်းခရီးခက်ခဲသည့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသအတွင်း ကျေးရွာများတွင် စားနပ်ရိက္ခာ ပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 608

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၂/၂ဝ၂၄

ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးရှောင်အများအပြားလာရောက်ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ တောဖျားချောင်းဒေသကျေးရွာများတွင် စားနပ်ရိက္ခာပြတ်တောက်နေကြောင်းသိရသည်။

အဆိုပါ တောဖျားချောင်းဒေသကို စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ စစ်ဘေးရှောင် ထောင်နှင့် ချီ၍ လာရောက်ခိုလှုံနေကြပြီး လက်ရှိတွင် အစာရေစာ ပြတ်လပ်နေကြောင်း ပုဏ္ဏားကျွန်းမြို့မှ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

" ဆိုးနေတာက တောဖျားချောင်းပဲ။ ကျွန်တော်တို့ ကယ်ဆယ်ရေး အဖွဲ့တွေလည်း လက်လှမ်းမမှီနိုင်သေးဘူး။ စရိတ်တွေက အတော်ကြီးတယ်။ ကယ်ဆယ်ရေး လုံးဝမရသေးတဲ့လူတွေအများကြီးပါ။" ဟုပြောသည်။

တောဖျားချောင်းတလျှောက်ကျေးရွာများမှ စစ်ဘေးရှောင်များကို ၎င်းတို့အနေဖြင့် စာရင်းအတိအကျ ကောက်ယူနိုင်ခြင်းမရှိသေးသော်လည်း ခန့်မှန်းခြေ ၂ဝဝဝ နှင် အထက်ရှိမည်ဟု ၎င်းကဆိုသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့်အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် AA က ရခိုင်မြောက်ပိုင်းမြို့နယ်အများအပြားကို သိမ်းပိုက်ရရှိပြီဖြစ်သည်။

သို့ရာတွင် စစ်ကောင်စီကလည်း ရံဖန်ရံခါ ရေကြောင်း၊ လေကြောင်းများဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် တောဖျားချောင်းဒေသကဲ့သို့ ကုန်းလမ်း၊ ရေလမ်းအသွယ်သွယ်ဖြင့် သွားလာရသည့် ဒေသများကို ကူညီကယ်ဆယ်ရေးအခက်အခဲရှိနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တောဖျားချောင်းဒေသမှာ ယခင် မိုခါမုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၇ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။

ရခိုင်တပြည်နယ်လုံးတွင် စစ်ဘေးရှောင်ဦးရေ သုံးသိန်းကျော်အထိရှိနေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အာရက္ခပြည်သူ့အစိုးရမှ လုပ်ဆောင်နေကြောင်းသိရသည်။


ဆက်စပ် သတင်းများ