သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့် ဒေသခံများစိုးရိမ်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၂/ ၂၀၂၄

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်းသိရသည်။

ကျောက်ဖြူမြို့၏ သံဇစ်မြစ်အတွင်းရပ်နားထားသည့် စစ်ကောင်စီ၏ နေဗီပေါ်မှ မတ်လ ၂၉ ရက်နေ့ကနေစပြီး  ပစ်ခတ်သံများကို   နေ့စဉ်ရက်ဆက်ကြားနေရသည်ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“ သံဇစ်မြစ်ကနေပစ်တာ အိမ်တွေတောင်တုန်တယ်။ တချို့ကလည်း ကမ်းထောင်းကြီးဖက်၊ မြေပုံဖက်ကို ပစ်တယ်ပြောတယ်။ တခါတလေဆို ၅ မိနစ်ခြားပစ်တယ်။ တဂျိမ်းဂျိမ်းအသံကြားရတာ စိတ်ပင်ပန်းတယ်” ဟုပြောသည်။

ထို့ပြင် မတ်လ ၃ဝ ရက်နေ့ကလည်း အမှတ်(၁) ဖောင်တော်ဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကျယ်လောင်စွာကြားရကြောင်းသူမက ဆက်ပြောသည်။

ကျောက်ဖြူတွင် လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရက္ခိုင့်တပ်တော်(AA) နှင့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်။

ယင်းနောက် စစ်ကောင်စီ၏ အမှတ် ၁၈ တောင်ဦးမော်ရေတပ်စခန်းမှနေ၍ နေ့စဉ်ရက်ဆက်ဆိုသလို လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယမန်နေ့ဧပြီလ ၁ ရက်နေ့ ည၈ နာရီခန့်ကလည်း ကျောက်ဖြူရေတပ်စခန်းမှနေ၍ လက်နက်ကြီးများ ပစ်ခတ်ပြီး အုန်းချောင်း၊ ပြင်ချောင်တောင်ကြားနေရာများကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းအပြင် ယခုရက်ပိုင်းအတွင်း ငလပွေ့ဆိပ်ကမ်း၊ ကရင်တောမှ စိုင်ခြုံဒွိန်ရွာသို့သွားသည့်လမ်း၊ တောင်ရှည်ရွာ၊ ခမရ-၅၄၁၊ ကျောက်တစ်လုံးဂိတ်များကို စစ်ကောင်စီလုံခြုံရေး တိုးမြှင့်ချထားကြောင်း မြို့ခံများက ပြောသည်။

ကျောက်ဖြူမြို့မှ ကလေးမိခင်တစ်ဦးက “သေနတ်သံတွေကြားမှာနေရတဲ့ ကလေးတွေကိုသနားတယ်။ မြို့မှာက ဝန်ထမ်းတွေလောက်ပဲကျန်တော့တယ်။ ကျောက်တလုံးကိုဖြတ်ခွင့်မရတော့ ဘယ်ကိုပြေးလို့ ပြေးရမယ်မှန်းမသိဘူး။ လက်နက်သံတွေကြောင့် ရင်တွေတုန်တာ မခံစားနိုင်တော့ဘူး။ တချို့စက်လှေနဲ့ ထွက်ပြေးသူတွေကို ရေတပ်စခန်းက ပစ်တယ် ဆိုတော့ ထွက်မပြေးရဲဘူး” ဟုပြောသည်။

ဆက်စပ် သတင်းများ