သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အမ်းမြို့အနီး တိုက်ပွဲပြင်းထန်​နေ၍ ဒေသခံကျေးရွာသားများ ထောင်နှင့်ချီပြီး အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 928

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဧပြီ / ၂၀၂၄

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေသဖြင့် မြို့ခံများနှင့် မြို့အနီးနားရှိ ကျေးရွာများမှ ဒေသခံများ ထောင်ချီပြီး အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

လက်ရှိ ထွက်ပြေးနေကြရသည့် ကျေးရွာများမှာ အမ်းမြို့ အနီးဝန်ကျင်းရှိ ကျေးရွာများနှင့်  တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာအနီးရှိ လုံးရွာ၊ပြောင်သေရွာ၊ ခရမ်းကျွန်း၊ ငလက်ကျ၊ လောင်းကျ၊ တမောင်းရွာများမှ ဖြစ်ကြပြီး လူဦးရေထောင်နှင့်ချီရှိသည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

အမ်းမြို့နယ် လုံးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက လုံးရွာနားမှာဆို တိုက်ပွဲတွေနေ့တိုင်းဖြစ်လို့ စစ်ကောင်စီက လက်နက်ပစ်ခတ်တာတွေရှိတယ်။ တခြားမြို့နယ်တွေ တိုက်ပွဲဖြစ်တာတွေမှာ ဆိုရင်လည်း ကျမတို့ပြည်သူတွေထိခိုက်အောင်ပဲ စစ်ကောင်စီက ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေလုပ်တယ်။ ဒါကြောင့်ရွာမှာမနေရဲတော့လို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ် ဟုပြောသည်။

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်(AA)ကို တိုက်မနိုင်သည့် အချိန်တိုင်းတွင် ပြည်သူများနေထိုင်သည့် မြို့၊ကျေးရွာများကို ကြည်း၊ရေနှင့် လေတပ် မျိုးစုံဖြင့် တိုက်ခိုက်မှုများရှိခဲ့သဖြင့် ယခုလို ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် လူမှုရေးလှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

အခုလို ထွက်ပြေးတိမ်း‌ရှောင်နေရတယ်ဆိုတာကလည်း အကြမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို တိုက်မနိုင်တဲ့အခါ ပြီးတော့  ရက္ခိုင့်တပ်တော်ကလည်း စစ်ကောင်စီရဲ့ မြို့သိမ်းတိုက်ပွဲတွေ လုပ်လာတဲ့ အခါ စစ်ကောင်စီကပြည်သူတွေရဲ့နေအိမ်တွေ၊ အဆောက်အအုံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လေ။ အဲ့ဒါကြောင့် အမ်း ဖက်မှာလည်း အဲ့ဒီလိုလုပ်မှာစိုးရိမ်တာကြောင့်ပါဟုပြောသည်။

အမ်းမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်(GE)အနီးရှိတောင်တန်းများတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိ၍ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများကို ယနေ့ ဧပြီ ရက်နေ့ နေ့လယ်ပိုင်းအထိ ကြားနေရကြောင်း အမ်းဒေသခံများကပြောသည်။

ဓာတ်ပုံ- ပုံဟောင်းသာ

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!