Preview

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်၊အရပ်သား ၄ဦးပွဲချင်းပြီး သေဆုံး၊ နေအိမ်တစ်လုံးမီးလောင်ပြီး ဒဏ်ရာရရှိသူများရှိနေ

ဧပြီ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :1137
ရခိုင် သတင်း

အောင်ကြွယ်ငြိမ်း

နိရဉ္စရာ၊ ဧပြီ ၂/၂၀၂၄

၇ခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ယနေ့ဧပြီလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၄ဦးပွဲချင်းပြီးသေဆုံးပြီး နေအိမ်တစ်လုံးမီးလောင်ပြာကျကာ ဒဏ်ရာရရှိသူများ ရှိနေကြောင်းသတင်းရရှိသည်။

သေဆုံးသွားသူများမှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ မြစ်နားတန်းရပ်ကွက်မှ ဦးထွန်းကြည်(၅၈)နှစ်၊ ကိုမြင့်ချေ(၃၉)နှစ်၊ ကိုစည်သူမျိူးအောင်(၂၂)နှင့် (အမည်မသိရသေးသူတစ်ဦး)တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနေကြောင်း ကမ်းထောင်းကြီးမြို့ခံတစ်ဦးက ပြောသည်။

"ဂျက်နှစ်စီးနဲ့ ဗုံးလာကြဲတာ။ လေယာဉ်ပေါ်က ကမ်းထောင်းကြီးမြို့ကို ဗုံးလေးလုံးပစ်ချတာ။ လေးယောက်သေတယ်။ လူတွေအများကြီးလည်း ဒဏ်ရာရသွားတယ်။ နေအိမ်လည်းပျက်စီးတယ်။ မီးလည်းလောင်နေတယ်။ မျက်စိရှေ့တင်ဘဲ ဖြစ်သွားတာ" ဟု ကမ်းထောင်းကြီးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

၎င်းအပြင် ကမ်းထောင်းကြီးမြို့၊ အိုးတန်းရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲပြီး မြစ်နားတန်းရပ်ကွက်ရှိ ကိုအောင်ဆန်းဝင်း၏ နေအိမ်မှာလည်း မီးလောင်သွားခဲ့သည်ဟု သိ၇သည်။


ကမ်းထောင်းကြီးမြို့အနီးတွင် တိုက်ပွဲတစုံတရာမရှိဘဲ စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲသွားခြင်းဖြစ်ကြောင်း ၎င်းဒေသခံများကပြောသည်။

ပြီးခဲ့သည့်မတ်လ ၃၁ ရက်နေ့ ၊ ည ၈နာရီကျော်ခန့်ကလည်းဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကမ်းထောင်းကြီးမြို့ရှိ ရခိုင်ကုန်းရပ်ကွက်တွင် ဗုံးကျရောက်ခဲ့ပြီး အခြေခံပညာ (မူလွန်)ကျောင်း မီးလောင်ကျွမ်းခဲ့ပြီး ရပ်ကွင်းအတွင်း နေအိမ် ၄ လုံး မီးလောင်ပြာကျခဲ့သည်။

၎င်းအပြင် မတ်လ ၂၉ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်ကလည်း မြေပုံမြို့နယ်၊ စညှင်းကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့၊ နံနက် ၄နာရီအချိန်ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် ဆေးရုံတွင် အကူလုပ်နေသည့် ကရင်ပြည်နယ်ဖက်မှ အမျိုးသမီးဝန်ထမ်း ဒေါ်ဝါဝါ အသက်(၄၀)ကျော်တွင် ဦးခေါင်း၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၃ ရက်၊ နေ့လယ် ၁၂  နာရီခွဲအချိန်ခန့်ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးရှိ သရက်တောင်ကျေးရွာကို 

စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးလာကြဲခဲ့၍ အသက်(၅၀)အရွယ် အမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့ကလည် စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာ၇သူ ၁၃ ဦးရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

၇ခိုင်ပြည်တွင် မတ်လ (၁) ရက်နေ့မှ (၂၈)ရက်နေ့အထိ  စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၁  ကြိမ် အထိရှိခဲ့ပြီး  လူပေါင်း ၄၈ ဦးသေဆုံးကာ ၆၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာ၏ ကောက်ယူထားသည့် သတင်းအချက်အလက်များအရသိ၇သည်။

photo- Ko Maung Bu


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.