တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ပေါက်တော မော်ထုတ်ကြီးကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးသုံးဦးအပါအဝင် အရပ်သား ၆ ဦးဒဏ်ရာပြင်းထန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 430

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၂/ ၂ဝ၂၄

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် မော်ထုတ်ကျေးရွာ ကို ယနေ့ ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်က လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား  ၆ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများမှာ ကိုဇော်မင်းနိုင် (၂၃)နှစ်၊ ဦးကျော်နုဖြူ (၄၇)နှစ်၊ ဒေါ်ခင်ချေဝင်း (၃၂)နှစ်၊  ဒေါ်စန္ဒာဝင်း (၃၁)နှစ်၊  ဦးမဲခေါက် (၆၂)နှစ်နှင့် ဒေါ်ကင်ယုံမေ (၆၃နှစ်)တို့ဖြစ်ကြပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာနှစ်ဦးရှိနေကြောင်း ဒေသခံ ကျေးရွာသားတစ်ဦးက နိရဉ္စရာကိုပြောသည်။


" ပစ်သံက သိပ်မကျယ်ဘူး။ ဒါပေမယ့် လက်နက်ကြီးကျမှ အသံအကျယ်ကြီး ကြားရတယ်။ ကားလမ်းနားမှာကျပြီး  မိန်းမသုံးယောက်ယောကျ်ားသုံး ယောက်နဲ့ စုစုပေါင်းခြောက်ယောက်ဆီမှာ ထိပြီး ဒဏ်ရာအပြင်းအထန်ရကြတာပါ" ဟုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို  စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာဘက် အတွဲလိုက် ဆက်တိုက်ဆိုသလို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး  ပေါက်တောမြို့ မော်ထုတ်ကြီးကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းမော်ထုတ်ကြီးကျေးရွာကို လွန်ခဲ့သည့်မတ်လ ၂၈ ရက်နေ့ကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။



အဆိုပါ မော်ထုတ်ကြီးကျေးရွာတွင် အိမ်ခြေ ၁ဝဝ နီးပါးရှိပြီး လူဦးရေ ၄ဝဝ ကျော်နေထိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် လုပ်ဆောင်နေကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ