တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ရွာမ(ရခိုင်)ရွာကို စစ်ကောင်စီက မီးရှို့ပြီး ပစ္စည်းများကို ယူဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 796

အေးမြတ်ခိုင် ၊ နိရဥ္စရာ၊ ဧပြီ ၂/၂၀၂၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရွာမ (ရခိုင်ရွာ )ကို စစ်ကောင်စီတပ်သားများက ဝင်ရောက် မီးရှို့ပြီး ရွာသားများ၏ ပစ္စည်းတချို့အား ယူဆောင်သွားကြောင်း ဒေသခံများက ပြောကြာသည်။

ယနေ့ ဧပြီလ  ၂ ရက် နံနက်စောစော ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရွာမ(ရခိုင်)ရွာသို့  စစ်ကောင်စီ တပ်သားများ ဝင်ရောက်ကာ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ အနည်းဆုံး နေအိမ် ၁၀ လုံးကျော် ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ကျေးရွာသားတစ်ဦးမှ နိရဉ္စရာကိုပြောသည်။

ကျေးရွာအတွင်း ဒေသခံများ စစ်ဘေးရှောင်နေကြချိန် ရွာကိုဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် တချို့မှ စားသောက်ကုန်ပစ္စည်းများအား စစ်ကောင်စီတပ်သားများမှ ယူဆောင်သွားကြောင်း ၄င်းက ဆက်ပြောသည်။

"ရွာမှာ တိုက်ပွဲ ဖြစ်လို့ အကုန်ပြေးနေကြတာပါ။ ညက သူတို့ ဝင်တာကို ကျနော်တို့ သတင်းရတယ်။ မကြာဘူး မီးတွေမြင်ရတာပဲ။ မနက်က ရွာကလူတချို့သွားကြည့်တော့ အနည်းဆုံး အိမ် ဆယ်လုံးကျော်မယ်လို့ ပြောကြတယ်။ ရွာပြင်နားလေးကပဲ အခြေအနေကြည့်ရတာမို့လို့ အတိအကျတော့မသိနိုင်ဘူး။ ရွာပြင်နားက အိမ်တချို့မှာလည်း  ပစ္စည်းတွေလည်း ပျောက်သွားတယ်။ အခိုးခံလိုက်ရတယ်လို့ ပြောပါတယ်" ဟု ရွာသားတစ်ဦးမှပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွား နေပြီး စစ်ကောင်စီတပ်စခန်းများက လူနေကျေးရွာများကိုနေ့စဥ် လက်နက်ကြီးပစ်ခတ်သည့်အတွက် ရွာမကျေးရွာ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများ  ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ၂ လခန့်ရှိပြီဟု ဒေသခံများက ပြောဆိုသည်။

ဘူးသီးတောင်အခြေစိုက် ခမရ(၅၅၂)စခန်းနှင့် တောင်ဘဇာစခန်းတို့အား မတ်လ ၂၅ ရက်တွင် အေအေက သိမ်းပိုက်ခဲ့ပြီး ဘူးသီးတောင်၊ မောင်တော နှင့် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။ Photo: APM

ဆက်စပ် သတင်းများ