ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေတွင် မိုင်းကွဲ၊ စစ်ဘေးရှောင် အမျိုးသမီးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 667

ဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၃/၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ပျားလည်ချောင်းကျေးရွာအနီး ရထားသံလမ်းဘေးတွင် ယမန်နေ့ ဧပြီလ ၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်၌ မိုင်းပေါက်ကွဲ၍ စစ်ဘေးရှောင်အမျိုးသမီးငယ်တစ်ဦး ခြေထောက် တစ်ဖက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ မမီးချေဘု(၂ဝ)နှစ်၊(ဘ) ဦးသန်းအောင်ဖြစ်ပြီး ညာဖက်ခြေထောက် တစ်ချောင်းလုံး ကြေမွဒဏ်ရာရရှိခဲ့ကြောင်း သူမ၏ အိမ်နီးချင်းတစ်ဦးက နိရဉ္စရာအား ပြောသည်။

"  သူတို့သူငယ်ချင်းတစ်စု လမ်းလျှောက်သွားနေတဲ့အချိန်မှာ ပျားလည်ချောင်း ရထားလမ်းအနားမှာ နင်းမိတာ။ ရေချမ်းပြင်နဲ့နီးတယ်။ GTC နဲ့လည်းနီးတယ် ။ ကျောင်းသူတော့မဟုတ်ဘူး။ စစ်တွေကနေ စစ်ဘေးရှောင်နေကြတာပါ။ မိုင်းကတော့ စစ်တပ်က လာထောင်ထားတဲ့ မိုင်းဖြစ်ဖို့များပါတယ် " ဟုပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသည့် မမီးဘုချေကို စစ်တွေဆေးရုံသို့ပို့ဆောင်ထားသည်ဟု စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှ ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ညာဖက်ခြေထောက်ထိတာ ပတ်တီးစည်းထားတယ်။ ဖြတ်တော့မဖြတ်ရသေးပေမယ့် ဖြတ်ရဖို့ အနေထားရှိပါတယ်" ဟုပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ ရခိုင်တိုက်ပွဲနှစ်လအတွင်းမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှု၊ လေကြောင်း၊ရေကြောင်း ပစ်ခတ်မှုများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၅၇ ဦးရှိနေပြီဟု ULA/AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ နှစ်လတာအတွင်း မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူ ၁၁ ဦးရှိခဲ့သည်ဟု  AA ၏ စာရင်းများအရသိရသည်။

ဆက်စပ် သတင်းများ