ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမ်းကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သဉ္ဇာနွယ်၊ နိရဉ္စရာ ၊ ဧပြီ ၄/၂၀၂၄

အရပ်သားကျေးရွာများကို လက်နက်ကြီးပစ်ခတ်ပြီး အနှောင့်အယှက်ပေးနေသော  အမ်းမြို့နယ်၊ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)မှ  ယမန်နေ့ ဧပြီ ၃ ရက်နေ့ ညနေ ၈နာရီခန့်မှ ယနေ့ နံနက်ပိုင်းအထိ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိ‌ကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ် ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ် နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိသည်ဟု မြေပုံဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" တိုက်ပွဲက မနေ့က ည ၈နာရီလောက်ကတည်းက အပြန်အလှန်ပစ်နေတာ။ တောင်ဟိန်းတောင် ဗျူဟာကို အခုထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ လက်နက်ကြီးပစ်ခတ်သံတွေ တောက်လျှောက် ကြားနေရတယ်" ဟုပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဉ်ဖြင့် လည်း ခုခံကာကွယ်လျက်ရှိသည်ဟု ကမ်းထောင်းကြီး‌မြို့ မှ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" တညလုံးတိုက်ပွဲပြင်းတယ်။ စကစ ဖက်က ဂျက်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ ဒီနေ့မနက်အထိ ဖြစ်တုန်း။ ဒီနေ့ပိုပြင်းနိုင်တယ်လို့ယူဆမိတယ်။ ကျနော်တို့အနေနဲ့ ဒီဗျူဟာကုန်းက စစ်သားတွေ ကို မရှိစေချင်တော့ဘူး။ သူတို့က ကျနော်တို့ကို လက်နက်ကြီးကျည်‌ တွေနဲ့ပစ်ပြီး ဒုက္ခပေးနေတာကြာပြီ" ဟုပြောသည်။

ယင်းအပြင် ယမန်နေ့ညက အပြန်အလှန်ပစ်ခတ်မှုကြောင့် ကဇုကိုင်းတောဟိန်းတောင် ဗျူဟာကုန်း မီးလောင်မှုရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

အမ်း မြို့နယ်၊ကဇုကိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း   စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကဇုကိုင်းမှ  ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် ကမ်းထောင်းကြီးမြို့အနီးအနားဝန်းကျင်ကို ကျရောက်ပေါက်ခွဲခဲ့ကြောင်းသိရသည်။

အမ်းကဇုကိုင်း‌တောဟိန်းတောင်ဗျူဟာကုန်းမှ အနီးအနားဝန်းကျင်ရှိ မြေပုံမြို့နယ်ကို နေ့စဉ်လိုလို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေ‌ကြောင်း ‌‌‌‌‌‌‌‌‌ဒေသခံများက ‌‌ပြောသည်။

ရခိုင်တွင် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ စစ်ကောင်စီတပ်နှင့် နေ့တိုင်း တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေကြောင်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်လိုက်ပြီး အဓိက ဘူးသီးတောင် ခမရ (၅၆၄) တပ်ရင်း ဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာနှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် (AA)ကယမန်နေ့ ဧပြီ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ